【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်မှ ဆောင်းရာသီခရီးသွား ထိပ်တန်းနေရာများ (အပိုင်း - ၁)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်မှ ဆောင်းရာသီခရီးသွား ထိပ်တန်းနေရာများ (အပိုင်း - ၁)

ဆောင်းရာသီဟု တွေးမိ၊ ကြားမိလျှင် ကြုံဆုံခဲ့ဖူးသော ဖြူလွှလွှ ငွေနှင်းမှုန်လေးတွေကို ပြေးမြင်မိကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် လ-ဆယ့်နှစ်လရှိတဲ့အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလ လေးလကို ဆောင်းရာသီကာလလို့ သတ်မှတ်ထားကြပါတယ်။ဒါပေမဲ့ မြောက်ဘက်ကမ္ဘာခြမ်းမှာ ဆောင်းရာသီဖြစ်ပေါ်နေချိန် အခြားတစ်ဖက်ဖြစ်တဲ့ တောင်ကမ္ဘာခြမ်းမှာတော့ နွေရာသီဖြစ်ပေါ်နေမှာဖြစ်ပါတယ်။

မြန်မာနဲ့နီးတဲ့ တရုတ်နိုင်ငံမှာတော့ ဆောင်းရာသီကို ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအထိ သတ်မှတ်ထားပါတယ်။ဒီနေရာမှာ ထူးခြားတာက ကျယ်ဝန်းတဲ့ နိုင်ငံဧရိယာကြောင့် တရုတ်နိုင်ငံရဲ့ ဆောင်းရာသီက ရာသီဥတု အပူ၊ အအေးတော့ ကွဲပြားမှုရှိပါတယ်။

ဖော်ပြမှုတွေအရ တရုတ်နိုင်ငံမြောက်ပိုင်းဟာ အပူချိန် -၂၄ ဒီဂရီစင်တီဂရိတ်အထိ နိမ့်ကျနေတတ်ပြီး ငွေနှင်းမှုန်တွေနဲ့ ဖုံးလွှမ်းတတ်သလို တရုတ်နိုင်ငံတောင်ပိုင်းကတော့  ၂၇ ဒီဂရီစင်တီဂရိတ်လောက်ရှိတတ်တဲ့ အပူပိုင်းဇုန်ရှိနေပါတယ်။အခြားတစ်ဖက်မှာတော့ တရုတ် နိုင်ငံ အရှေ့တောင်ပိုင်း၊ ကမ်းရိုးတန်းမြို့တွေ ဒါမှမဟုတ် အနောက်တောင် ကမ်းရိုးတန်းမြို့တွေကတော့ ဆောင်းရာသီမှာ အပူ၊ အအေး ကွာခြားချက် နည်းပါးတယ်လို့ ဆိုကြပါတယ်။

ခရီးသွားရာသီဖြစ်တဲ့ ဆောင်းတွင်းမှာ တရုတ်နိုင်ငံကို ခရီးထွက်ဖို့ စိတ်ကူးရှိကြသူတွေအတွက် နှင်းတွေနဲ့ ရေခဲရှုခင်းတွေက ဆွဲဆောင်မှုအရှိဆုံး အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်လေ့ရှိပါတယ်။ဒါကြောင့် အချိန်အခါအရ မြန်မာနဲ့ ဆောင်းရာသီချင်း ထပ်တူကျနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံထဲက ဆောင်းရာသီ ထိပ်တန်းနေရာတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ပထမဆုံးဖော်ပြပေးလိုတာက ရေခဲနှင့် နှင်းကမ္ဘာလို့ သိကြတဲ့ Harbin ဖြစ်ပါတယ်။ဒီမြို့ဟာ နေ့ခင်းဘက်မှာ ပျမ်းမျှအပူချိန် -၁၃ ဒီဂရီစင်တီဂရိတ်နဲ့ ညပိုင်းမှာ -၂၄ ဒီဂရီစင်တီဂရိတ်အထိပဲရှိလို့ တရုတ်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ ဆောင်းရာသီအတွင်း အအေးလွန်ကဲဆုံးမြို့ဖြစ်ပါတယ်။

          ၁။ ဟာဘင်း (Harbin)

တရုတ်နိုင်ငံ အရှေ့မြောက်ဘက်၊ ဟေလုံကျန် (Heilongjiang) ပြည်နယ်မှာရှိပြီး ဟာဘင်းကို “Little Paris in the Orient” နဲ့ “Moscow in the Orient” လို့လည်း သိကြပါတယ်။ ဒီနေရာတစ်ဝိုက်မှာ ရေခဲပြင်နဲ့ နှင်းပွဲတော်ကို နှစ်စဉ် ဇန်နဝါရီ ၅ ရက်မှာ ကျင်းပလေ့ရှိပြီး ဖွင့်ပွဲအခမ်းအနားကို ခမ်းနားစွာ ကျင်းပလေ့ရှိပါတယ်။အဓိကဆွဲဆောင်မှုတွေအနေနဲ့ လှပတဲ့ ရေခဲနှင်းပန်းပုတွေ၊ ရေခဲပြင်နဲ့ နှင်းထုဖျော်ဖြေမှုတွေနဲ့အတူ စည်ကားပျော်ရွှင်ဖွယ် နေရာလည်းဖြစ်ပါတယ်။ Sun Island မှာ နှင်းတွေ ဖုံးလွှမ်းနေတဲ့ ရုရှားဗိသုကာလက်ရာတွေကို ခံစားနိုင်သလို တရုတ် နိုင်ငံတကာ နှင်းပန်းပု အနုပညာပြပွဲကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အကြီးဆုံး နှင်းလျှောစီး အပန်းဖြေစခန်း - Yabuli Ski Resort မှာ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ရာ နှင်းလျှောစီး ဆော့ကစားနိုင်ပါတယ်။

နောက်ထပ်ဖော်ပြပေးလိုတာကတော့ ကျိလင် (Jilin) ပြည်နယ်ရှိ Changbai တောင်ပဲဖြစ်ပါတယ်။နှင်းတွေနဲ့အတူ ဆောင်းရာသီ အားကစားကို အိပ်မက်ဆန်ဆန် ပါဝင်စီးမြောချင်သူတွေအတွက်တော့ Changbai တောင်က အထူးသင့်တော်တဲ့ နေရာတစ်ခုအဖြစ် ရှိနေပါတယ်။

          ၂။ Changbai Mountain in Jilin Province

“Changbai” ဆိုတာက တရုတ်ဘာသာစကားနဲ့ အမြဲအဖြူရောင်လို့ အဓိပ္ပါယ်ရပြီး ဒီတောင်တန်းတစ်လျှောက် အောက်တိုဘာလကနေ လာမယ့် ဇွန်လအထိ ဆီးနှင်းတွေ ဖုံးလွှမ်းလျက်ရှိပါတယ်။ဖော်ပြမှုတွေအရ ဒေသခံတွေက ဒီတောင်ကို အမြဲအဖြူရောင်ရှိတယ်လို့ ထင်မြင်ကြတယ်လို့ ဆိုပါတယ်။ဒီတောင်ဟာ တရုတ်ပြည်ရဲ့ နောက်ဆုံး ပဒေသရာဇ်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ Man Ethnic Group ရဲ့ မွေးရပ်ဇာတိအဖြစ်လည်း ထင်ရှားပါတယ်။ဒီနေရာမှာ အားကစားလုပ်ပြီးရင် ရေပူစမ်းတွင်း ရေချိုးလို့ရသလို တောင်ပေါ်မှာ အထင်ရှားဆုံး အမှတ်တရပစ္စည်းဖြစ်တဲ့ ဂျင်ဆင်းတွေလည်း ပေါပါတယ်။တရုတ်လူမျိုးတွေရဲ့ ယုံကြည်မှုအရ အအေးဆုံး တောင်တွေပေါ်မှာ အကောင်းဆုံး ဂျင်ဆင်းတွေ ပေါက်တယ်လို့ ဆိုကြပါတယ်။

(အပိုင်း - ၂ ဆက်လက်ဖော်ပြပါမည်။)

မိုးသား