【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်မှ ဆောင်းရာသီခရီးသွား ထိပ်တန်းနေရာများ အပိုင်း (၂)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်မှ ဆောင်းရာသီခရီးသွား ထိပ်တန်းနေရာများ အပိုင်း (၂)

ဆောင်းရာသီ ခရီးသွားဆွဲဆောင်မှု နေရာများစွာရှိတဲ့ တရုတ်နိုင်ငံတွင်းက ထိပ်တန်းနေရာတချို့ကို ဖော်ပြပေးရာမှာ အခုဆိုရင် အပိုင်း (၂) အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကျယ်ပြောလှတဲ့ နိုင်ငံပိုင်နက်ရှိတာကြောင့် လည်ပတ်သွားလာစရာ နေရာတွေလည်း များစွာရှိနေလို့ ဒီအထဲက တချို့ကိုသာ ထုတ်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။

အခုတစ်ခေါက်မှာတော့ အေးအေးလူလူနဲ့ နှင်းရှုခင်းကို တိတ်တဆိတ်လေး ကြည့်ရှုခံစားလိုသူတွေအတွက် အကောင်းဆုံးလို့ဆိုရမယ့် Fuyuan မြို့အကြောင်းကနေ စလိုက်ချင်ပါတယ်။

           ၃။ Fuyuan

နှင်းတွေကို တိတ်တိတ်လေး ကြည့်ရှုခံစားချင်သူတွေအတွက်ဆိုရင် တရုတ်နိုင်ငံ၊  Heilongjiang ပြည်နယ်မှာရှိတဲ့ Fuyuan မြို့ဟာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။အခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက တခြားနာမည်ကြီး ခရီးသွားနေရာတွေနဲ့ နှိုင်းယှဉ်ရင်တော့ Fuyuan ရဲ့ တည်းခိုနေထိုင်မှုစရိတ်ကလည်း အလွန်စျေးသက်သာတယ်လို့ ဆိုပါတယ်။ဒါ့အပြင် Dongji ရင်ပြင်မှာလည်း နှင်းတွေကို နှစ်သက်သဘောကျစွာ ခံစားကြည့်ရှုနိုင်ပြီး အစောဆုံး နေထွက်တာကိုလည်း ရှုစားဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့ ဆိုကြပါတယ်။

နောက်ထပ်ဖော်ပြလိုတာကတော့အခုလို ဆောင်းရဲ့အအေးဒဏ်ကို အံတုပြီး တရုတ်နိုင်ငံ မြောက်ဘက်စွန်းကို ခရီးထွက်ဖူးတဲ့အကြောင်း ပြောပြချင်သူတွေအတွက် သွားဖို့ ညွှန်းကြတဲ့ Beiji ရွာဖြစ်ပါတယ်။

           ၄။ Beiji ရွာ

တရုတ်နိုင်ငံ မြောက်ဘက်စွန်းဒေသဖြစ်တဲ့ Heilongjiang ပြည်နယ်မှာ Beiji ရွာ ရှိပါတယ်။ဆောင်းရာသီမှာ အပူချိန် - ၅၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပြီး ဒီနေရာကိုသွားဖို့ စီစဉ်ထားတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝ ပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ ဆိုကြပါတယ်။အရမ်းအေးတယ်လို့ ခံစားရရင် မြန်မာက တောင်ပေါ်ခေါင်ရည်လိုပဲ Beiji ရွာမှာလည်း ဒေသထွက် ဝိုင်တစ်ခွက်လောက် သောက်လိုက်ရင် နွေးထွေးသွားစေတဲ့ နည်းလမ်းအဖြစ် သုံးကြပါတယ်။ Beiji ရွာဟာ တရုတ်နိုင်ငံတွင်း အခြားရွာတွေနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်ငယ်ပြီး ၁၈၆၀ ခုနှစ်အထိ ဒီနေရာမှာ နေထိုင်သူမရှိခဲ့ဘူးလို့ ဆိုကြပါတယ်။အခုတော့ ခရီးသွားလုပ်ငန်းကြောင့် Beiji ရွာဟာ တရုတ်နိုင်ငံမှာရှိတဲ့ ရွာအများစုထက် ပိုမိုဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပါတယ်။

ဆက်လက်ပြီးဖော်ပြလိုတာက ကမ္ဘာလှည့်ခရီးသွားတွေ တရုတ်နိုင်ငံ ဆောင်းရာသီအတွင်း နေထွက်ချိန်ကို ကြည့်ရှုဖို့လာလေ့ရှိတဲ့ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ် - Honghe Hani Rice Terrace မှ လယ်ကွင်းတွေအကြောင်းပဲဖြစ်ပါတယ်။

           ၅။ Hani Terraced Fields

ဒီနေရာမှာ လှပမှုက ဆောင်းရာသီ မြေဆီလွှာ အေးခဲလာတာကို တားဆီးဖို့ Hani Terraced Fields တွေထဲ ရေထိုးသွင်းရာကနေ စတင်တယ်လို့ ဆိုကြပါတယ်။အလွှာလိုက်ဖြစ်နေတဲ့ လယ်ကွက်တွေထဲ ရေတွေ ဝင်သွားတဲ့အခါ  သဘာဝကြေးမုံပြင်တွေလို လယ်ကွက်တွေက ပြတ်သား ထွက်ပေါ်လာပါတော့တယ်။အထူးလှပမှုအနေနဲ့ “မှန်တွေ” ပေါ်မှာ နေရောင် လင်းလာချိန် “မှန်တွေ” က ရောင်ပြန်ဟပ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး တောက်ပနေသလို ခံစားရတဲ့ အရသာပဲဖြစ်ပါတယ်။ဒါ့အပြင် ကျေးလက်ရနံ့ဖြစ်တာကြောင့် မြို့ပြကို ငြီးငွေ့သူတွေအတွက် သွားသင့်တဲ့နေရာလည်းဖြစ်ပါတယ်။

ဆောင်းရာသီ ဆွဲဆောင်မှုတွေနဲ့ တရုတ်နိုင်ငံတွင်းက ထိပ်တန်းနေရာတွေထဲ နောက်ဆုံးတစ်ခုအနေနဲ့ ဖော်ပြပေးချင်တာက အံ့သြထိတ်လန့်ဖွယ်ခံစားချက်ကို ရယူလိုသူတွေအတွက် ညွှန်းထားတဲ့ Urho ဝိညာဉ်မြို့ပဲဖြစ်ပါတယ်။

           ၆။ Urho Ghost City

တရုတ်နိုင်ငံ Xinjiang မြို့မှာ တည်ရှိတဲ့ ဒီဝိညာဉ်မြို့ (Ghost City) ကို “လေတိုက်သောမြို့” Wind City လို့လည်း သိကြပါတယ်။လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်တတ်ပြီး မြို့တွင်းရှိ တောင်ကုန်းတွေက လေတိုက်တာနဲ့အတူ အဆက်မပြတ် ပြောင်းလဲနေတာလည်းဖြစ်ပါတယ်။ဒီအထဲ တချို့က ဧရာမမွန်းစတားကြီးတွေလို ဖြစ်နေတတ်ပါတယ်။ဆောင်းရာသီမှာ မြို့ရဲ့အဝေးကို လှမ်းမြင်နေရရင် လှပတဲ့ နှင်းဖြူဖြူတွေကြောင့် သာယာလှပတဲ့ နေရာတစ်ခုလိုလည်း ခံစားရတယ်လို့ ဆိုပါတယ်။ဒါပေမဲ့ မြို့ထဲကိုဝင်ရင်တော့ လေပြင်းကြောင့် ကြောက်လန့်စရာကောင်းပြီး လူက ကောင်းကင်ကို လွင့်တော့မယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။ပြီးတော့ ဒီနေရာမှာ သတိထားစရာရှိနေတာက အမြဲပြောင်းလဲနေတဲ့ တောင်ကုန်းတွေရဲ့ ပုံသဏ္ဍာန်တွေဖြစ်ပြီး လမ်းကြောင်းလွဲသွားနိုင်တဲ့အထိ ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။

အခုတင်ပြပေးခဲ့တာတွေကတော့ ဆောင်းရာသီ ဆွဲဆောင်မှုတွေနဲ့ ပြည့်နေတဲ့ တရုတ်နိုင်ငံထဲက နေရာတချို့ကို ကောက်နုတ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

မိုးသား