【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ယဉ်ကျေးမှုသမိုင်းကို ဖော်ပြရာ လျန်းကျူရှေးဟောင်းမြို့

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ယဉ်ကျေးမှုသမိုင်းကို ဖော်ပြရာ လျန်းကျူရှေးဟောင်းမြို့

တရုတ်နိုင်ငံထဲမှာရှိတဲ့ ဟန်ကျိုးမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာများစွာ တည်ရှိနေတဲ့ ဒေသဖြစ်ပါတယ်။

ဟန်ကျိုးမြို့ဟာ တရုတ်နိုင်ငံ သမိုင်းရာဇဝင်နဲ့ ယဉ်ကျေးမှုမြို့ကြီးများရဲ့ ပထမအသုတ်မြို့များထဲမှ တစ်ခုဖြစ်ပါတယ်။

ဟန်ကျိုးမြို့ဟာ ယန်ဇီမြစ်တောင်ပိုင်း မြစ်ဝှမ်းဒေသမှာ တည်ရှိပြီး အလွန်နာမည်ကျော်ကြားတဲ့ တရုတ်နိုင်ငံထဲက ခရီးသွားမြို့တစ်မြို့ဖြစ်ပါတယ်။သာယာလှပတဲ့ သဘာဝရှုခင်းတွေကြောင့် ကျော်ကြားခဲ့ရုံတင်မက ဒေသထွက် အစားအသောက်ကောင်းနဲ့ သရေစာမုန့်များစွာလည်းရှိတာကြောင့် လူသိများပါတယ်။

ဟန်ကျိုးမြို့မှာရှိတဲ့ ရှီးဟူယဉ်ကျေးမှု (Xihu Culture) ၊ လျန်းကျူယဉ်ကျေးမှု (Liangzhu Culture) ၊ ပိုးထည်ယဉ်ကျေးမှု (Silk Culture) ၊ လက်ဖက်ယဉ်ကျေးမှု (Tea Culture) စတာတွေကလည်း ထင်ရှားကျော်ကြား လူသိများလှပါတယ်။

သဘာဝအလှတရားတွေနဲ့ သမိုင်းယဉ်ကျေးမှု သက်တမ်းကြာညောင်းလှတဲ့ ဟန်ကျိုးမြို့ကို ကမ္ဘာပေါ်မှာ အလှပဆုံး အထည်ဝါဆုံး ကောင်းကင်မြို့ဆိုပြီးတော့ မာကိုပိုလိုရဲ့ ခရီးသွားမှတ်တမ်းမှာ တင်စားခဲ့ဖူးပါတယ်။

နှစ်ပေါင်း ၅၀ဝ၀ ကျော်ရှိသော တရုတ်ယဉ်ကျေးမှုသမိုင်းကို သက်သေပြနိုင်ခဲ့တဲ့ အထွတ်အမြတ် နယ်မြေဖြစ်တဲ့ လျန်းကျူရှေးဟောင်းမြို့ပျက်ဟာလည်း ဟန်ကျိုးမြို့မှာ တည်ရှိနေတာဖြစ်ပါတယ်။

လျန်းကျူရှေးဟောင်းမြို့ပျက် (Archaeological Ruins of Liangzhu City) ဟာ တရုတ်နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ ယန်ဇီမြစ်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ရှိပါတယ်။ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့၊ ယွီဟန်ခရိုင် (Yuhang) ၊ ဖိန်ယောင်မြို့နယ် (Pingyao zhen) ၊ လျန်းကျူလမ်းရပ်ကွက် (Liangzhu ward) တို့မှာ အဓိကစုစည်းတည်ရှိတာဖြစ်ပါတယ်။

အဲဒီလျန်းကျူရှေးဟောင်းမြို့ပျက်ကို ၁၉၃၆ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရှေးဟောင်းမြို့ဧရိယာဟာ ဟက် တာ ၆၃၀ ကျော်ရှိပါတယ်။ရှေးဟောင်းမြို့ပြင်ရှိ ရေထိန်းသိမ်းမှုဆောက်လုပ်ရေးဟာ တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံး အကြီးစား ရေထိန်းသိမ်းမှုဆောက်လုပ်ရေးရုပ်ကြွင်းပဲဖြစ်ပါတယ်။ဒါ့အပြင် အဲဒီဒေသကပဲ သေသပ်လှပတဲ့ ကျောက်စိမ်းပစ္စည်းများစွာ တူးဖော်တွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံ ကျောက်စိမ်းယဉ်ကျေးမှုရဲ့ သမိုင်းမတင်မီ အထွတ်အထိပ် အမွေအနှစ်ပဲဖြစ်ပါတယ်။

လျန်းကျူရှေးဟောင်းမြို့ပျက်ရဲ့ အတွင်းနဲ့ အပြင်မှာလည်း လူအင်အားနဲ့ ဖန်တီးတည်ဆောက်ထားသော တောင်အတုများ ရှိနေပါတယ်။ဒါကလည်း ရှေးလူတွေရဲ့ ခွန်အားနဲ့ ဉာဏ်ပညာအစွမ်းကို ထင်ဟပ်ပြသနေခြင်းဖြစ်ပါတယ်။

အဲဒီမြို့ဟာ ခေတ်ကာလအနေနဲ့ ဘီစီ ၃၃၀ဝ မှ ဘီစီ ၂၃၀ဝ အထိရှိခဲ့ပြီး နှစ်ပေါင်း ၁၀ဝ၀ ကြာမြင့်တဲ့အထိ တည်တံ့ခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်း ၅၀ဝ၀ ကျော်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒီရှေးဟောင်းမြို့ဟာ တရုတ်နိုင်ငံရဲ့ ကျောက်ခေတ်နှောင်းပိုင်းကာလမှာ ယန်ဇီမြစ်အောက်ပိုင်းရှိ ထိုက်ဟူရေကန် (Taihu Lake) ကို ဝန်းရံထားသော နယ်မြေပေါ်မှာ စိုက်ပျိုးရေးဖြင့် စီးပွားရေးကို အဓိကပံ့ပိုးသော၊ သိသာထင်ရှားသော လူ့အဖွဲ့အစည်းဆိုင်ရာ အလုပ်ခွဲဝေမှုနဲ့ ယုံကြည်ကိုးကွယ်မှု တစ်ခုတည်းရှိသော ခေတ်ဦးပိုင်းနိုင်ငံ တိုင်းပြည်တစ်ခုရှိခဲ့တာကို ဖော်ပြနေပါတယ်။

အဲဒီဒေသမှာတွေ့ရတဲ့ မြို့ရိုးများ၊ ကြီးမားသော ဗိသုကာပညာ၏ အုတ်မြစ်များ၊ သင်္ချိုင်းများ၊ ယဇ်ပလ္လင်များ၊ လူနေထိုင်ရာနေရာများ၊ မြေကျင်းများနှင့် အလုပ်ရုံများကဲ့သို့သော ကြီးမားသော သမိုင်းဝင်ရုပ်ကြွင်းများကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာတော့ တရုတ်နိုင်ငံမှာရှိတဲ့

လျန်းကျူရှေးဟောင်းမြို့ပျက်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းခံခဲ့ရပါတယ်။လျန်းကျူရှေးဟောင်းမြို့ပျက်ဟာ လူသားတွေရဲ့ ခေတ်ဦးကာလက မြို့ပြယဉ်ကျေးမှုရဲ့ စံနမူနာလို့ ပြောလို့ရပါတယ်။

ဒါကလည်း နှစ်ပေါင်း ၅၀ဝ၀ ကျော်ရှိသော တရုတ်ယဉ်ကျေးမှုသမိုင်းရဲ့ စစ်မှန်မှုကို ယူနက်စကိုအဖွဲ့အစည်းနဲ့ နိုင်ငံတကာက ပင်မပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းခံရတာကို ရည်ညွှန်းဖော်ပြနေပါတယ်။

ယနေ့ခေတ်နဲ့ နှစ်ပေါင်း ၅၀ဝ၀ ကျော် ကွာဝေးတဲ့ လျန်းကျူယဉ်ကျေးမှုဟာဆိုရင် တရုတ်ယဉ်ကျေးမှုရဲ့ လင်းရောင်ခြည်လို့တောင် တင်စားခေါ်ဝေါ်ခံရတာဖြစ်ပါတယ်။

ခန့်မောင်