【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ရိုးရာ သကြားပန်းချီ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ရိုးရာ သကြားပန်းချီ

ပန်းချီအနုပညာဆိုတာ ပိတ်ကားဖြူတစ်ချပ်ပေါ်မှာ ဆေးရောင်စုံသုံးပြီး စိတ်ကူးစိတ်သန်းတွေကို ပုံဖော်တဲ့ အနုပညာတစ်ရပ်ပါပဲ။

ပန်းချီရေးဆွဲရာမှာ စာရွက်နဲ့ ခဲတံသုံးတဲ့ ခဲခြစ်ပန်းချီကစလို့ ရေဆေး၊ ဆီဆေး၊ ဖယောင်းအသုံးပြုပြီး ရေးဆွဲတဲ့ ပန်းချီတွေကို ရေးဆွဲကြတာဖြစ်ပါတယ်။

အခုလို နည်းပညာတိုးတက်နေတဲ့ ခေတ်မှာတော့ Digital drawing တွေဟာဆိုရင်လည်း လူငယ်တွေကြားမှာ အတော်လေး ခေတ်စားလာပါတယ်။ပန်းချီကားတစ်ချပ် ဖြစ်လာဖို့အတွက် တခြားသောနည်းလမ်းတွေနဲ့ အသုံးပြုပြီး ဖန်တီးတီထွင်ကြတာတွေလည်း ရှိလာပါတယ်။ကျောက်စီပန်းချီကား၊ ကောက်ရိုးပန်းချီကား၊ ရွှေချည်ထိုး ပန်းချီကားတွေဟာလည်း လူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ အနုပညာလက်ရာတွေပဲဖြစ်ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ သကြားရည်ဖြင့် ပန်းချီဆွဲတဲ့ အနုပညာဟာ ရိုးရာပညာရပ်တစ်ခုဖြစ်ပြီး ယနေ့ထိတိုင် ကာလရှည်ကြာ တည်ရှိနေဆဲဖြစ်ပါတယ်။သကြားရည်ကို သံပြားမျက်နှာပြင် ဒါမှမဟုတ် ကျောက်ပြားပေါ်ကို လောင်းချပြီး အရုပ်ပုံဖော်သည့် တရုတ်ရိုးရာ သကြားပန်းချီကို ရေးဆွဲရာမှာတော့ သကြားရည်ကို ကြေးဖြင့်ပြုလုပ်ထားတဲ့ ကတော့ချွန်ပုံပါရှိသည့် ယောက်ချိုဇွန်းကို အသုံးပြုကာ ပုံဖော်ရေးဆွဲရတာဖြစ်ပါတယ်။

အဲဒီလိုမျိုး ကိုယ်ဆွဲချင်တဲ့ပုံစံကို လိုသလို ပုံဖော်ရေးဆွဲပြီးနောက်မှာ အအေးခံပြီး ဝါးတုတ်ချောင်းထိုးကာ ဓားပြားလို သံပြားကို အသုံးပြုပြီး အောက်ခံသံပြား မျက်နှာပြင်မှ ခွာယူရတာဖြစ်ပါတယ်။အေးခဲသွားတဲ့အခါမှာတော့ သကြားရည်နဲ့ ပုံဖော်ထားတဲ့ ပန်းချီရုပ်လေးတွေ ဖြစ်သွားကြပါတယ်။

တရုတ်သမိုင်းကြောင်းတွေမှာတော့ သကြားရည်ဖြင့် ပန်းချီပုံဖော်ခြင်းကို ‘မင်’ မင်းဆက်ခေတ်မှ စတင်တွေ့ရှိခဲ့တာလို့ ဆိုထားပါတယ်။သကြားရည်ကို ပုံစံအမျိုးမျိုးဖော်ထားတဲ့ မိုထဲမှာထည့်ပြီး အေးခဲကာ သကြားလုံးအဖြစ် ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ပါးစပ်ရာဇဝင်တွေထဲမှာတော့ ‘ထန်’ မင်းဆက်ခေတ်က ချန်ကျစ်အန်းဆိုတဲ့ စာရေးဆရာတစ်ဦးဟာ သကြားညိုခဲများ စားရတာကို နှစ်သက်သူဖြစ်တာကြောင့် တစ်မူထူးခြားစွာ စားသုံးတဲ့အနေဖြင့် သကြားညိုကို အရည်ပျော်အောင်ပြုလုပ်ပြီး ပုံဖော်ခွက်ထဲသို့ထည့်ပြီး ရုပ်ပုံအမျိုးမျိုးဖော်ကာ ရုပ်စုံသကြားလုံးများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။တစ်နေ့မှာတော့ ချန်ကျစ်အန်းဆိုသူဟာ အရုပ်သကြားလုံးလေးကိုကိုင်ပြီး လမ်းလျှောက်လာစဉ် မင်းသားတစ်ပါးကတွေ့ပြီး သူ့ကိုပေးဖို့ တောင်းဆိုခဲ့တဲ့ဖြစ်ရပ်ကို ထန်ဧကရာဇ်က ထပ်မံမြင်သွားလေရာကနေ စိတ်ဝင်စားသွားပြီး အကြောင်းအရင်းကို မေးမြန်းခဲ့ရာမှတစ်ဆင့် အကြောင်းစုံကိုရှင်းပြပြီး သူပြုလုပ်ထားသော ရုပ်စုံသကြားလုံးတွေကို ဧကရာဇ်ထံ ဆက်သဖြစ်ခဲ့ပါတယ်။အဲဒီအချိန်မှစလို့ ထန်နန်းတွင်းမှာ ရုပ်စုံသကြားလုံးဆိုတဲ့ သရေစာမုန့်တစ်မျိုး ပေါ်ပေါက်လာတာလို့ ဆိုကြပါတယ်။

နောက်ပိုင်းမှာတော့ ရုပ်စုံသကြားလုံး ပြုလုပ်နည်းဟာ တိုင်းပြည်အနှံ့ ပျံ့နှံ့သွားခဲ့ပြီး မင်ခေတ်ရောက်သည့်အခါ တစ်ဆင့်တိုးတက်လာကာ သကြားကို အပူပေးပြီး အရည်ပျော်အောင်ပြုလုပ်ကာ သံပြားပေါ်တွင် ပန်းချီဆွဲသည့် သကြားပန်းချီပြုလုပ်ခြင်းများ ခေတ်စားလာခဲ့တာလို့ ဆိုကြပါတယ်။

သကြားရည်ဖြင့် ပန်းချီဆွဲပြီး သကြားလုံးပြုလုပ်ခြင်းကို ‘မင်’ မင်းဆက်ခေတ်က ဘာသာရေးအရ ပူဇော်ကန်တော့ရာတွင်လည်း အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ သကြားရည်ဖြင့် ပန်းချီရေးဆွဲရာတွင် နဂါးပုံ၊ ဇာမဏီပုံ၊ တခြားသော ရုပ်ပုံများကို ဖန်တီးနိုင်တာကြောင့် ကလေးငယ်တွေတင်မက လူကြီးတွေပါ အကြိုက်များလာခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ တိရစ္ဆာန်အရုပ်များကို ပုံဖော်ပြီး သကြားလုံးလုပ်ကာ ရောင်းချသည်အထိ သကြားရည်ဖြင့် အရုပ်ပုံဖော်ခြင်းအနုပညာဟာ ခေတ်စားလာပါတယ်။

သကြားရည် ပန်းချီဆွဲခြင်းသည် စီချွမ်ပြည်နယ်က စတင်ခဲ့သည့်အတွက် စီချွမ်ပြည်နယ်ရှိ နေရာအနှံ့အပြားရှိ လမ်းဘေးနေရာများတွင် တွေ့ရှိနိုင်ပါတယ်။ဟယ်နန်ပြည်နယ်၊ ထျန်းကျင်းနှင့် ပေကျင်းမြို့များတွင်လည်း သကြားရည်ပန်းချီရုပ်များ ရောင်းချသော လမ်းဘေးဈေးသည်များကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

သကြားရည်ဖြင့် ပန်းချီဆွဲခြင်း အနုပညာဟာ တရုတ်လူမျိုးတို့၏ အနုပညာဆန်သော တီထွင်ဖန်တီးမှုတစ်ရပ်ဖြစ်ပြီး သကြားပန်းချီရုပ်များဟာ အနုပညာနှင့် အစားအစာကို ပေါင်းစပ်ထားသည့် ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့်အတွက် ပြည်နယ်အစိုးရက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲသို့ ထည့်သွင်းပေးခဲ့ပါတယ်။

အခုအခါမှာတော့ သကြားရည်ပန်းချီ ရေးဆွဲတတ်သော အနုပညာရှင်များကို ဂျပန်၊ စပိန်၊ ပြင်သစ် စသည့် နိုင်ငံများက ဖိတ်ကြားပြီး အနုပညာစွမ်းရည်များကို ပြသပေးရန် ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။သကြားရည် ပန်းချီပညာရှင်များကလည်း ဘဲ၊ ငါး၊ မျောက်၊ ခွေး အစရှိသည့် ရိုးရှင်းလွယ်ကူသော အရုပ်များမှသည် တရုတ်အော်ပရာ၊ ဝတ္ထုများထဲမှ နာမည်ကြီး ဇာတ်ကောင်များ၊ ကွမ်းယွီ၊ စွန်းဝူခုန်းကဲ့သို့သော တရုတ်နတ်ဘုရားများ၊ နဂါး၊ ဇာမဏီကဲ့သို့သော ဒဏ္ဍာရီလာသတ္တဝါများကိုလည်း ဝယ်ယူသူရှေ့မှောက်မှာ ချက်ချင်းရေးဆွဲပြနိုင်ကြပါတယ်။

ဒါ့အပြင် ကလေးငယ်များကို ဆွဲဆောင်ရန်အတွက် ကံစမ်းမဲ လှည်းဘီးလေးကို တပ်ထားပြီး မြှားဦးကျရာ အရုပ်များကို ရေးဆွဲပြခြင်းမျိုးဖြင့်လည်း ဝယ်သူများကို ဆွဲဆောင်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဂျုံရုပ်လေးတွေကို ကလေးငယ်တွေ နှစ်သက်ကြသလိုပဲ တရုတ်နိုင်ငံမှာလည်း အဲဒီသကြားပန်းချီရုပ်လေးတွေကို ယနေ့ခေတ်အထိ ကလေးငယ်များ နှစ်သက်ကြဆဲဖြစ်ပါတယ်။

ခန့်မောင်