【 နိုင်ငံတကာဆောင်းပါး 】 တောင်ကမ်းပါးက ဆိုင်ငယ်လေး

【 နိုင်ငံတကာဆောင်းပါး 】 တောင်ကမ်းပါးက ဆိုင်ငယ်လေး

မတ်စောက်မြင့်မားတဲ့ တောင်ကမ်းပါးမှာ ကုန်စုံဆိုင်ငယ်လေးတွေ ဖွင့်ထားတော့ ဘယ်လိုလူမျိုးတွေက လာဝယ်ကြမှာလဲဆိုတာ စဉ်းစားစရာပါ။

အဲဒီနေရာကတော့ တရုတ်ပြည်က ဟူနန်ပြည်နယ်၊ ဖင်းကျန်းမြို့နယ်၊ ရှစ်နယိုကျိုင်း သဘာဝပတ်ဝန်းကျင်ဧရိယာထဲမှာရှိပါတယ်။ဖင်းကျန်းမြို့နယ်က ရှစ်နယိုကျိုင်း သဘာဝပတ်ဝန်းကျင်ဧရိယာထဲမှာ ကျောက်တောင်၊ လျှိုမြောင်တွေ ပြည့်နှက်နေတာကြောင့် တောင်တက်သမားတွေ လာရောက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်။အဲဒီရှုခင်းသာဧရိယာမှာ မြင့်မားမတ်စောက်တဲ့ ကျောက်တောင်တွေနဲ့ ချောက်ကြီးတွေရှိပြီး ထူးခြားသော ကျောက်သားဖွဲ့စည်းမှုများကြောင့် လူသိများ ကျော်ကြားတဲ့ နေရာဖြစ်ပါတယ်။အဲဒီနေရာမှာ သတ်မှတ်ထားတဲ့ တောင်တွေမှာပဲ တောင်တက်လို့ရပါတယ်။

အဲဒီတောင်ကမ်းပါးမှာ ဖွင့်ထားတဲ့ ဆိုင်ငယ်လေးဟာ တောင်တက်သမားတွေနဲ့ တောင်တက်ဝါသနာပါသူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။အဲဒီနေရာမှာ တောင်တက်သမားတွေ အမြဲတမ်းရှိနေတာကြောင့် သူတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။နောက်ပြီး ဒီထဲမှာ ကမ္ဘာ့အရှည်လျားဆုံးနဲ့ အမြင့်ဆုံး မှန်တံတားကြီးအဖြစ် မှတ်တမ်းဝင်ထားတဲ့ မှန်တံတားကြီးလည်းရှိတာကြောင့် ခရီးသွားတွေ ပုံမှန်လာရောက်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။အဲဒီနေရာကိုရောက်လာတဲ့ တောင်တက်သမားတွေ၊ ကျောက်တောင်တက်ဝါသနာပါသူတွေအတွက် တောင်ကမ်းပါးမှာ ခေတ္တခဏ အမောဖြေစားသောက်လို့ရအောင် ကုန်စုံဆိုင်လေးကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပါတယ်။

အဲဒီကုန်စုံဆိုင်လေးဟာ နှစ်မီတာပတ်လည်သာရှိပြီး ကျောက်တောင်ရဲ့ မီတာ ၁၂၀ အမြင့်မှာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ဒါကို ၂၀၁၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တစ်နှစ်နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တောင်ထိပ်ကိုရောက်ဖို့ အချိန် ၁ နာရီခွဲခန့်သာ ကြာမြင့်တတ်တဲ့ အဲဒီတောင်တက်ခရီးစဉ်မှာ အပျော်တမ်းတောင်တက်ဝါသနာရှင်တွေ လာရောက်ကြတဲ့ နေရာဖြစ်ပါတယ်။အပျော်တမ်းတောင်တက်သမားတွေဟာ တောင်တက်မယ့်အစီအစဉ်နဲ့အတူ လာရောက်လည်ပတ်ကြပေမယ့် အမောဒဏ်မခံနိုင်တာကြောင့် တောင်တက်နေရင်း ရေငတ်တာတွေ၊ ဗိုက်ဆာတာတွေ ကြုံရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ စတိုးဆိုင်လေးကို ဖွင့်ပေးထားခြင်းဖြစ်ပါတယ်။

အဲဒီကုန်စုံဆိုင်လေးတွေကို လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဖြည့်တင်းပေးဖို့အတွက် ဝန်ထမ်းတွေဟာ အစားအသောက်နဲ့ အအေးဖျော်ရည်တွေကို သယ်ဆောင်ပြီး နေ့စဉ်နဲ့အမျှ အတက်၊ အဆင်း ပြုလုပ်ကြရပါတယ်။တောင်ကမ်းပါးက ကုန်စုံဆိုင်လေးကို မနက် ၈ နာရီမှာ ဖွင့်လှစ်ပြီး ညနေ ၅ နာရီဆို ဆိုင်ပိတ်ပါတယ်။တကယ်လို့ အရောင်းဝန်ထမ်းမရှိတာမျိုးနဲ့ ကြုံကြိုက်တဲ့အခါမျိုးဆိုရင်တော့ တောင်တက်ခရီးသွားတွေအနေနဲ့ QR code ကို Scan ဖတ်ပြီး ကိုယ်တိုင်ငွေပေးချေသွားလို့ရအောင်လည်း လုပ်ဆောင်ပေးထားပါတယ်။

အဲဒီစတိုးဆိုင်မှာ တောင်တက်ခရီးသွားတွေအနေနဲ့ ရေတစ်ဗူးကို အခမဲ့ရရှိနိုင်မှာဖြစ်ပေမယ့် စေတနာရှိလို့ရှိရင်တော့ သူတို့ပေးချင်သလောက် အခကြေးငွေ ပေးလှူခဲ့လို့ရပါတယ်။ အပျော်တမ်းတောင်တက်သမားတွေအနေနဲ့ တောင်တက်ရင်း ဗိုက်ဆာ ရေငတ်လာတယ်ဆို တောင်ကမ်းပါးအလယ်က ဆိုင်မှာ ဝယ်ယူစားသောက်နိုင်ပေမယ့် အမှိုက်တွေကိုတော့ သေချာသိမ်းဆည်းပြီး စွန့်ပစ်ကြရမှာဖြစ်ပါတယ်။တကယ်လို့ အမှိုက်တွေကို ဖြစ်သလို ပစ်ချခဲ့ရင်တော့ ဒဏ်ကြေးဆောင်ရတယ်လို့ ဆိုပါတယ်။

တောင်ကမ်းပါးမှာ ဖွင့်ထားတဲ့ ဆိုင်ဖြစ်ပေမယ့် သူတို့ရောင်းချတဲ့ အစားအသောက်တွေရဲ့ဈေးနှုန်းဟာ သာမန်ကုန်စုံဆိုင်ရဲ့ ဈေးနှုန်းအတိုင်း ရောင်းချနေခြင်းဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ဧရိယာထဲက ဘယ်ကုန်စုံဆိုင်မျိုးမှာမဆို ဈေးနှုန်းကို အဆမတန်နှုန်းနဲ့ ရောင်းချတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အဲဒီလိုစတိုးဆိုင်လေးတွေရှိတာကြောင့် အပျော်တမ်းတောင်တက်ဝါသနာရှင်တွေဟာ မီတာ ၁၂၀ အမြင့်မှာ ခဏတာ အနားယူနိုင်မှာဖြစ်ပါတယ်။

ခန့်မောင်