【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်က လည်ပတ်စရာ နေရာများ (အပိုင်း ၂)

【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်က လည်ပတ်စရာ နေရာများ (အပိုင်း ၂)

လည်ပတ်စရာတွေနဲ့ ပြည့်နေတဲ့ ထိုင်ဝမ်အကြောင်း ဖော်ပြရေးသားကြရာမှာ “အာရှရဲ့ အသည်းနှလုံး” (The Heart of Asia) လို့တောင် တချို့က တင်စားဖော်ပြကြတာတွေရှိပါတယ်။

တကယ်တော့လည်း အခုလိုတင်စားမှုတွေက အလွန်အကြူးတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ထိုင်ဝမ်ဟာ တကယ်ကိုလည်း လည်ပတ်စရာများပြားတဲ့ ဒေသဖြစ်နေလို့ပဲဖြစ်ပါတယ်။

ဒီလိုဆို ထိုင်ဝမ်ကနေရာတွေအကြောင်း ဆက်လက်ဖော်ပြရရင်တော့ ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေက ညဈေးတွေကလည်း လည်ပတ်လို့ကောင်းတဲ့ နေရာဖြစ်ပါတယ်။

(၅) Ximending

ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေက ညဈေးတွေဟာ လည်ပတ်လို့ကောင်းတဲ့နေရာဖြစ်ပြီး တိုင်ပေရောက်ရင် အနည်းဆုံး ညစျေးတစ်ခုတော့ သွားကြလေ့ရှိပါတယ်။ဒီအထဲ ဖက်ရှင်နဲ့ နာမည်ကြီးပြီး လူငယ်တွေနဲ့ စည်ကားနေလေ့ရှိတာက Ximending ဖြစ်ပါတယ်။ညပိုင်းမှာဆိုရင် ပိုပြီးလူစည်ကားတဲ့ Night Market တစ်ခုဖြစ်ပြီး စားသောက်တန်းတွေ လှပတဲ့ မီးရောင်တွေနဲ့ ပျော်ရွှင်ဖွယ်ဂိမ်းတွေလည်းရှိပါတယ်။ဒီနေရာကိုတော့ ဘတ်စ်ကားမျိုးစုံ ရောက်တဲ့အပြင် ရထားနဲ့လည်း သွားလာလို့လည်း အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။

ထိုင်ဝမ်မှာ နောက်ထပ်လူတွေသွားလေ့ရှိတာက သမိုင်းကြောင်းအမွေအနှစ်တွေရှိတဲ့ National Palace Museum ဖြစ်ပါတယ်။

(၆) National Palace Museum

Taibao မြို့မှာ တည်ရှိပြီး ဒီနေရာက ရိုးရာပစ္စည်းတွေကို လေ့လာရတာ ဝါသနာသူတွေ၊ သမိုင်းနောက်ခံကို စိတ်ဝင်စားတဲ့သူတွေ သွားသင့်တဲ့ နေရာဖြစ်ပါတယ်။ဒီပြတိုက်မှာ ရှေးဟောင်းအမွေအနှစ်ပစ္စည်းအားဖြင့် ၇၀၀,၀၀၀ ကျော်ကို စုစည်းပြသထားသလို ကျောက်စိမ်းထည်တွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်လည်ပတ်လို့ကောင်းတဲ့နေရာက Yuchi မြို့နယ်၊ Nantou ခရိုင်မှာ တည်ရှိတဲ့ Sun Moon Lake ပဲဖြစ်ပါတယ်။

(၇) Sun Moon Lake

သာယာလှပမှုကို ခံစားလိုသူတွေအတွက် နေဝင်ချိန်နေထွက်ချိန်တွေကစလို့ သာယာလွမ်းမောဖွယ် တောင်တန်းနောက်ခံတွေနဲ့ လှပတဲ့ ကန်ရေပြင်က ဆွဲဆောင်နေတဲ့ နေရာဖြစ်ပါတယ်။ကန်မှာ အပျော်စီးသင်္ဘောနဲ့ လှည့်လည်ကြည့်ရှုနိုင်သလို စားသောက်ဖွယ်အစုံနဲ့ ကျန်းမာရေးလက်ဖက်ရည်လို့ ညွှန်းဆိုကြတဲ့ လက်ဖက်ရည်ကောင်းကောင်းတွေလည်းရှိပါတယ်။တချို့ကတော့ ပတ်ပတ်လည် လမ်းကျဉ်းလေးတွေမှာ စက်ဘီးနဲ့လှည့်လည် သွားလာကြပါတယ်။ဒါ့အပြင် အပျော်စီးသင်္ဘောနဲ့ အနီးနားမှာရှိတဲ့ Wen Wu ဘုရားကျောင်းကိုလည်း တစ်ဆက်တည်းသွားလို့ရပါသေးတယ်။

သဘာဝအလှကို ခံစားကြည့်ရှုလိုသူတွေအတွက် ရိုးမန့်စ်ဆန်ဆန် ရထားစီးပြီး အရောင်းအသွေးစုံလင်တဲ့ သစ်တော၊ သစ်ပင်တွေကို မြင်တွေ့ခံစားလို့ရတဲ့ နေရာတစ်ခုလည်း ရှိနေပါသေးတယ်။အဲဒီနေရာကတော့ Alishan National Scenic Area ဖြစ်ပါတယ်။

(၈)  Alishan National Scenic Area

တောင်ပေါ် အမျိုးသားဥယျာဉ်တစ်ခုဖြစ်ပြီး Chiayi ခရိုင် Alishan မြို့နယ်မှာ တည်ရှိပါတယ်။ပေပေါင်း (၆၀၀၀) ကျော်မြင့်တဲ့ တောင်တန်းနဲ့ လမ်းတစ်လျှောက်မှာတော့ ဂျပန်ခေတ်ကတည်းက ဖောက်လုပ်ထားခဲ့တဲ့ ရထားလမ်းနဲ့ ရထားကြီးစီးပြီး မြင်ကွင်းအလှတွေကို ကြည့်ရှုခံစားနိုင်မှာလည်းဖြစ်ပါတယ်။တစ်ဆက်တည်းမှာ နှစ်ပေါင်း (၂၀၀၀) ကျော် သက်တမ်းရှိတယ်လို့ဆိုကြတဲ့ Alishan Sacred Tree သစ်ပင်ကြီးကို လေ့လာနိုင်သလို နာမည်ကြီးတဲ့ ညီအမရေကန် (Sisters Pond) ကိုလည်း သွားရောက်ကာ အလှဓာတ်ပုံတွေ ရိုက်ယူနိုင်မှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကျော်ကြားသော ဘာသာရေးယဉ်ကျေးမှု ဆွဲဆောင်ရာ နေရာတွေလည်းရှိနေပြီး ဒီအထဲမှာတော့ ကောင်းရှုံမြို့က Fo Guang Shan Buddha Museum က လေ့လာသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

(၉) Fo Guang Shan Buddha Museum

ဒီနေရာက မဟာယန ဗုဒ္ဓစာပေတွေနဲ့ ဆက်နွယ်ပြီး ဘာသာရေးဆိုင်ရာ သမိုင်းကြောင်းတွေ ယဉ်ကျေးမှုတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ထိုင်ဝမ်နိုင်ငံရဲ့ အကြီးဆုံးယဉ်ကျေးမှုစင်တာဖြစ်ပြီး အာရှရဲ့ အမြင့်ဆုံး ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်ကြီးလည်းရှိနေလို့ ဗုဒ္ဓဘာသာဝင်တွေအတွက် သွားလာသင့်တဲ့နေရာလည်းဖြစ်ပါတယ်။ကောင်းရှုံမြို့ တစ်ဆက်တည်းမှာ အလှပုံရိုက်ကူးလိုသူတွေအတွက် နောက်ထပ်ကောင်းတဲ့ နေရာတွေလည်း ရှိနေပါတယ်။အဲတာကတော့ Dragons and Tiger Pagodas ရှိတဲ့ နာမည်ကြီး ကြာကန်ပါ။

(၁၀) Dragons and Tiger Pagodas

ဒီနေရာကတော့ အစောင့်နဂါးရုပ်ထုနဲ့ ကျားရုပ်ထုကြီးတွေရှိပြီး ဘုံခုနှစ်ဆင့်ပါဝင်တဲ့ ကျောင်းဆောင်တွေပဲဖြစ်ပါတယ်။ကျောင်းဆောင်နှစ်ခုကို ဆက်သွယ်ထားသလို ကမ်းစပ်နဲ့လည်း ဆက်သွယ်ထားပြီး အဆောက်အဦအတွင်း ပန်းချီလက်ရာတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

အခုတင်ပြပေးခဲ့တာကတော့ ထိုင်ဝမ်ရဲ့ နာမည်ကြီး လည်ပတ်စရာ နေရာတွေထဲက စိတ်ဝင်စားဖွယ်နေရာတချို့ကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

ခရီးသွား လည်ပတ်ချင်စရာကောင်းတဲ့ ထိုင်ဝမ်မှာ သွားလာစရာ နေရာတွေက အများကြီးရှိနေသေးတာပဲဖြစ်ပြီး ထိုင်ဝမ်မှာ မြန်မာအငွေ့အသက် လိုချင်ရင်လည်း မြို့တော်တိုင်ပေမှာ မြန်မာဆိုင်နဲ့ မြန်မာတွေရှိလို့နေပါတယ်။

မြန်မာခရီးသွားတွေရဲ့ ပြည်ပကို သွားရောက်လည်ပတ်ကြတဲ့ ခရီးစဉ်တွေထဲမှာလည်း ထိုင်ဝမ်ခရီးစဉ်တွေဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

မိုးသား