【 နိုင်ငံတကာဆောင်းပါး 】 နှစ်သစ်ကူးအကြိုည မိသားစုထမင်းဝိုင်း

【 နိုင်ငံတကာဆောင်းပါး 】 နှစ်သစ်ကူးအကြိုည မိသားစုထမင်းဝိုင်း

ကမ္ဘာကြီးတုန်လှုပ်ဖွယ်ကိုဆိုရရင် သန်းနဲ့ချီတဲ့ လူတွေရဲ့ တစ်နှစ် တစ်ကြိမ် ပုံမှန်အိမ်ပြန်ချိန်ကို ညွှန်းဆိုချင်ပါတယ်။ဒီအိမ်ပြန်ချိန်နဲ့အတူ လူသန်းပေါင်း ၁၄၀၀ ခန့်ရဲ့ မိသားစုထမင်းလက်စုံစားပွဲ ပြုလုပ်တဲ့ အလေ့အထကလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

ဒါတွေဟာ အခုလိုနှစ်သစ်ကူးကာလ၊ တိတိကျကျဆိုရရင် တရုတ်နှစ်သစ်ကူးကာလမှာ ရောက်ရာ အရပ်ကနေ သန်းနဲ့ချီတဲ့ လူတွေရဲ့ အိမ်ပြန်ခရီးကို တွေ့မြင်ကြရတာဖြစ်ပါတယ်။တချို့ဆို ဝေးလံတဲ့ ဒေသကနေ ပြန်လာရပြီး ပို့ဆောင်ရေးနည်းလမ်းမျိုးစုံနဲ့ (၂) ရက်၊ (၃) ရက် ကြိုတင်အချိန်ယူပြီး လာကြရပါတယ်။ဒီခရီးစဉ်တွေရဲ့ ရည်ရွယ်ချက်မှာတော့ နှစ်သစ်ကူးကြိုဆိုဖို့အပြင် အရေးကြီးပြီး အဓိပ္ပါယ်နက်ရှိုင်းလှတဲ့ မိသားစုထမင်းဝိုင်း စီစဉ်ပြုလုပ်ဖို့လည်း ပါဝင်ပါတယ်။

           မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ဆက်ခံလာ

ဆိုခဲ့တဲ့ လူသန်းပေါင်း ၁၄၀၀ ခန့်ဆိုတာ နှစ်သစ်ကူးကာလ တရုတ်လူမျိုးတွေကို ရည်ညွှန်းတာဖြစ်ပြီး သူတို့တွေမှာ တရုတ်နှစ်သစ်ကူး အကြိုနေ့ည ပြုလုပ်လေ့ရှိတဲ့ အလေ့အထမှာဆိုရင် မိသားစုထမင်းလက်ဆုံစားပွဲ ဓလေ့လည်း ပါဝင်နေတာဖြစ်ပါတယ်။ဒီအလေ့အထဟာ တရုတ်နှစ်သစ်ကူးဒဏ္ဍာရီနဲ့အတူ ဖြစ်ပေါ်ခဲ့ပြီး မျက်မှောက်ခေတ်ကလာလမှာတော့ ဒဏ္ဍာရီပုံပြင်ကို ယုံခြင်း၊ မယုံခြင်းထက် တရုတ်နှစ်သစ်ကူးပွဲတော် အကြိုနေ့ညမှာဆိုရင် မိသားစုထမင်းလက်ဆုံစားပွဲ ကျင်းပကြတဲ့ အစဉ်အလာကိုတော့ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ဆက်ခံလာခဲ့ကြပါတယ်။

ဒါရဲ့ အရင်းခံ အကြောင်းအရင်းမှာဆိုရင် တရုတ်လူမျိုးတွေက မိသားစုအပေါ် ထားရှိတဲ့ သံယောဇဉ်နဲ့ မေတ္တာနက်ရှိုင်းပုံကို ဖော်ကျူးရာလည်းရောက်တယ်လို့ တရုတ်လူမျိုးတွေက ဂုဏ်ယူဖွယ်ကောင်းတဲ့ အလေ့အထနဲ့ပတ်သက်လို့ ဆိုကြလေ့ရှိပါတယ်။ဒါ့ကြောင့် သူတို့ဟာ မိသားစုနဲ့ ထမင်းလက်စုံစားဖို့ နွေးထွေးတဲ့ ခံစားမှုနဲ့အတူ ဘယ်လောက်ပင် ခရီးဝေးပါစေ ဒီအချိန်၊ ဒီကာလရောက်ရင် အိမ်ပြန်လာကြလေ့ရှိတာလည်းဖြစ်ပါတယ်။နှစ်သစ်ကူးအကြိုည ထမင်းလက်ဆုံစားပွဲက တရုတ်လူမျိုးတွေအဖို့ အရေးကြီးဆုံး စားပွဲတစ်ခုဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်ကာလရဲ့ အဓိကအကြောင်းအရင်းအဖြစ်လည်း ရှိနေတာဖြစ်ပါတယ်။

           ထမင်းလက်ဆုံစားပွဲနဲ့ အယူအဆ

နှစ်သက်ဖွယ်ကောင်းတဲ့ ဒီအလေ့အထရဲ့ အခြားတစ်ဖက်မှာဆိုရင် အနောက်တိုင်းရဲ့ ခရစ္စမတ်အကြိုနေ့ည မိသားစုထမင်းစားပွဲနဲ့ အသွင်တူတယ်လို့ မြင်ယောင်မိကြမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ တရုတ်လူမျိုးတို့ရဲ့ ထမင်းလက်ဆုံစားပွဲမှာဆိုရင် အခြားအဓိပ္ပါယ်တွေလည်း ရှိနေပါသေးတယ်။ဒီထမင်းဝိုင်းစားပွဲကို မြင်တွေ့ဖူးရင် ဖွယ်ဖွယ်ရာရာ အမျိုးစုံလင်နေအောင် ပြည့်စုံမှုကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။အကြောင်းအရင်းကတော့ တရုတ်လူမျိုးတွေအတွက် ဒီထမင်းလက်စုံစားပွဲဟာဆိုရင် တစ်နှစ်ပတ်လုံးရဲ့ အောင်မြင်မှုကို စစ်ဆေးတာနဲ့ တူပါတယ်လို့ ဆိုကြတာကြောင့် ထမင်းဝိုင်းဟာ ပြည့်စုံကောင်းမွန်နေတာလို့လည်း ဆိုနိုင်ပါတယ်။ဒါကြောင့် စားကောင်းသောက်ဖွယ်အများအပြား ပါဝင်နေတတ်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ တရုတ်နှစ်သစ်ကူးပွဲတော် အကြိုနေ့ည စားပွဲအတွင်း ဟင်းပွဲတွေ ရွေးချယ်ပြုလုပ်ကြရာမှာဆိုရင် ဒေသတစ်ခုနဲ့ တစ်ခုတော့ မတူညီဘဲ ကွဲပြားချက်ရှိကြပါတယ်။ဘာလို့လဲဆိုတော့ ဧရိယာကျယ်ဝန်းလှတဲ့ တရုတ်နိုင်ငံမှာ နေရာဒေသအသီးသီးရဲ့ စားသောက်တဲ့ဓလေ့ မတူညီကြတာကြောင့်လို့ ဖော်ပြကြပါတယ်။ဒါပေမဲ့ “မင်္ဂလာ နိမိတ်” ကို အလေးထားတဲ့ အယူအဆနဲ့ တရုတ်လူမျိုးတွေရဲ့ နှစ်သစ်တစ်နှစ်အပေါ် ထားရှိတဲ့ မျှော်လင့်ချက်ကောင်းတွေကတော့ နေရာဒေသ မည်သို့ကွဲပြားပါစေ တူညီတဲ့အချက်တွေပဲဖြစ်ပါတယ်။

           အစားအစာနဲ့ မင်္ဂလာနိမိတ်ယူခြင်း

နှစ်သစ်ကူးအကြိုည မိသားစုထမင်းလက်ဆုံစားပွဲကနေ ဆင်းသက်လာတဲ့ စားသောက်ဖွယ်ရာတွေဟာ အခုဆိုရင် မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားတဲ့ အစားအသောက်တွေအဖြစ်လည်း လူတွေက သိကြပါတယ်။တရုတ်နိုင်ငံ မြောက်ပိုင်းဒေသရဲ့ နှစ်သစ်ကူးပွဲတော် အကြိုနေ့ည စားပွဲရဲ့ အဓိကစားသောက်ဖွယ်ရာဖြစ်တဲ့ “ဖက်ထုပ်” ဟာဆိုရင် လူတိုင်းနီးပါးသိကြတဲ့ စားသောက်ဖွယ်ရာအဖြစ် ကမ္ဘာမှာ ပျံ့နှံ့နေပါတယ်။တရုတ်လူမျိုးတွေကတော့ ဖက်ထုပ်နဲ့ပတ်သက်လို့ အယူအဆလေးနက်မှု ထားရှိကြတာလည်း တွေ့ရပါတယ်။

သူတို့ရဲ့ အယူအဆအရဆိုရင် ဖက်ထုပ်ဟာ “ယွမ်ပေါင်” လို့ခေါ်တဲ့ ရတနာတုံးနဲ့ဆင်လို့ ဖက်ထုပ် ထုပ်စားတာကို အစစအရာရာ အဆင်ပြေတဲ့ မင်္ဂလာနိမိတ်အဖြစ် ယူကြပါတယ်။ဒါကြောင့်လည်း တရုတ်လူမျိုးတချို့က ဖက်ထုပ်ထဲ အကြွေစေ့ထည့်သွင်း ပြုလုပ်ကြတာလည်းရှိပါတယ်။အကြွေစေ့ပါတဲ့ ဖက်ထုပ်ကို စားမိရင် လာမည့်နှစ်အတွက် “ကြီးပွားချမ်းသာမယ်” ဆိုတဲ့ အတိတ်နိမိတ်ကို ယူကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းဒေသမှာတော့ တရုတ်လို “နရန်ကောင်း” လို့ အသံထွက်တဲ့ မုန့်တစ်မျိုးကို စားလေ့စားထရှိတယ်လို့ ဆိုပါတယ်။တစ်နှစ်ထက် တစ်နှစ် ဘဝအဆင့်အတန်း မြင့်မားလာတဲ့ အဓိပ္ပါယ်ကိုဆောင်တယ်လို့ ယူကြပါတယ်။

           မင်္ဂလာဟင်းပွဲများစွာ

ဒါတွေကိုကြည့်ရင် တရုတ်လူမျိုးတို့ရဲ့ အစားအစာအပေါ် မင်္ဂလာနိမိတ်ယူတတ်တဲ့ အလေ့အထကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ဒါကြောင့် တရုတ်လို အသံထွက်နဲ့အတူ “မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည်” ဟု အဓိပ္ပါယ်သက်ရောက်တဲ့ ဟင်းပွဲတွေများစွာရှိနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် မုန့်လုံးရေပေါ် စားလျှင် “မိသားစုတစ်ပေါင်းတစ်စည်းတည်းရှိခြင်း” ၊ ငါးဟင်းစားလျှင် “နှစ်စဉ်နှစ်တိုင်း ပိုပိုလျှံလျှံရှိခြင်း” ၊ အချိုပွဲကို “အနာဂတ်ဘဝ သာယာချိုမြိန်မှုရှိခြင်း” ဆိုတဲ့ အယူအဆနဲ့အတူ ဟောပေါ့ကိုတော့ “လာမည့်နှစ်မှာ ကြီးပွားချမ်းသာမည်”  ဆိုတဲ့ ယူဆမှုတွေနဲ့ ပြုလုပ်စားသောက်ကြတာလည်းဖြစ်ပါတယ်။

မည်သို့ဆိုစေ တစ်နှစ် တစ်ကြိမ် ကြုံဆုံကြတဲ့ တရုတ်နှစ်သစ်ကူးပွဲတော် အကြိုနေ့ညရဲ့ ထမင်းလက်ဆုံစားပွဲမှာ ကြည်နူးနွေးထွေးမှု၊ သံယောဇဉ်၊ မေတ္တာတရားတို့အပြင် မိသားစုဝင်တွေအကြား အပြန်အလှန်ချစ်ခင် လေးစားခြင်းတွေကို ထင်ဟပ်စေတာအပြင် မိသားစုဆက်ဆံရေးကို ပိုမိုရင်းနှီးနက်ရှိုင်းလာစေတယ်လို့ ခံစားမိစေမှာဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေအတွက် သားသမီးမြေးတစ်စုတို့နဲ့အတူ ပျော်ရွှင်စွာ ကြုံဆုံခွင့်၊ငယ်ရွယ်သူ လူငယ်တွေအဖို့လည်း မိဘတွေအပေါ်  ပြန်လည်ကျေးဇူးဆပ်နိုင်တဲ့ အခိုက်အတန့်လည်း ဖြစ်ပါတော့တယ်။

မိုးသား