【 နိုင်ငံတကာဆောင်းပါး 】 ဘက်စုံတိုးတက်မှုကိုပြနေတဲ့ တရုတ်ရဲ့ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ

【 နိုင်ငံတကာဆောင်းပါး 】 ဘက်စုံတိုးတက်မှုကိုပြနေတဲ့ တရုတ်ရဲ့ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ

ယခု စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၈ ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးတွင် ကျင်းပတော့မည်ဖြစ်သည်။
 
ထိုအားကစားပွဲသည် တရုတ်တွင် ယခုနှစ်အတွင်းကျင်းပသည့် အကြီးဆုံးနိုင်ငံတ ကာအားကစားပွဲဖြစ်သလို ယခုနှစ်ပိုင်း တိုးတက်ဖွံ့ဖြိုးလာသည့် တရုတ်နိုင်ငံ၏နည်းပညာကိုလည်း မြင်ရမည်ဖြစ်သည်။ 
 
ယခုပြိုင်ပွဲသို့ အာရှတစ်လွှားမှ အားကစားသမားများ တက်ရောက်မည်ဖြစ်ပြီး စနေနေ့တွင် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်သည်။  
 
စိမ်းလန်းသော အားကစားကွင်းများမှ လေအား၊ နေစွမ်းအင်နှင့် အခြားသန့်ရှင်းသော စွမ်းအင်ရင်းမြစ်များ တပ်ဆင်ထားသော မောင်းသူမဲ့ဘတ်စ်ကားများနှင့် ဒစ်ဂျစ်တယ် မီးရှူးမီးပန်းများအပါအဝင် နည်းပညာဆိုင်ရာ အက်ပလီကေးရှင်းများအထိ၊ အစိမ်းရောင်နည်းပညာကိုအပြည်အ၀သုံးထားသည့် ယခုအားကစားပွဲသည် အစိမ်းရောင်စွမ်းအင်နည်းပညာတွင် တရုတ်သည် မည်မျှရှေ့တန်းရောက်နေသည်ကို ပြသမည်ဖြစ်သည်။
 
သတင်းများအရဆိုလျှင် အားကစားပြိုင်ပွဲကျင်းပရာနေရာ ၆၅ ခုနှင့် ဆက်စပ်အဆောက်အအုံများသည် အစိမ်းရောင်လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်းရရှိနေပြီဖြစ်သည်။မြို့တော်သည် အဆိုပါပွဲအတွက် အစိမ်းရောင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၆၂၁ သန်း (kWh) ဖြင့် အရောင်းအ၀ယ်ပြုလုပ်ပြီးဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားကို မိုင်ထောင်ချီဝေးကွာသော ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွက် အထူးဗို့အားမြင့် (UHV) ဂရစ်များဖြင့် ပို့ဆောင်ပေးနေပြီဖြစ်သည်။
 
ဟန်ကျိုးအားကစားပြိုင်ပွဲအခမ်းအနားအတွက် စိမ်းလန်းသော လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ထုတ်လုပ်သည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Qaidam မြစ်ဝှမ်း၊ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gansu ပြည်နယ် Jiayuguan မြို့နှင့် တရုတ်နိုင်ငံမြောက်ပိုင်းရှိ Loess ကုန်းပြင်မြင့်တို့ကဲ့သို့သော ရှေးဟောင်း ပိုးလမ်းမကြီးတစ်လျှောက်ရှိ Photovoltaic (PV) ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ၊ လေအားလျှပ်စစ် စီမံကိန်းများဖြစ်သည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Hami မြို့အပါအဝင် နေရာများမှ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုသည်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကာဗွန်ဇီးရိုးဆိုသည့် ကတိကဝတ်ကို ကာဗွန်မဲ့စွမ်းအင်ဖြင့် ကမ္ဘာ့ပထမဆုံးကျင်းပသော ဟန်ကျိုးအားကစားပြိုင်ပွဲက ရှင်း ရှင်းလင်းလင်း ပြသလိုက်ခြင်းဖြစ်သည်။
 
ယခုပြိုင်ပွဲဖွင့်ပွဲတွင်သုံးမည့် ပင်မမီးရှူးတိုင်သည်ပင် စွန့်ပစ်ကာဗွန်မှ ပြန်လည်ထုတ်လုပ်ထားသည့် လောင်စာဖြစ်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိဟုဆိုထားရာ လုံး၀ကာဗွန်မဲ့ရန် မည်မျှအားထုတ်ထားသည်ကို မြင်ရမည်ဖြစ်သည်။ 
 
ယခုအားကစားပြိုင်ပွဲကို ပထမဆုံးသော ကာဗွန်သုံးစွဲမှုမဲ့သော အားကစားပြိုင်ပွဲအဖြစ် တရုတ်က ဖန်တီးနေခြင်းဖြစ်ရာ ထူးဆန်းသော အားစိုက်ထုတ်မှုဖြစ်သည်။ဖွင့်ပွဲအခမ်းအနားတွင်ပင်သုံးသည့် စွမ်းအင်အတွက်ပင် ကာဗွန်ထွက်ရှိမှုမရှိသည့် မီသနောကို ထမဆုံးအကြိမ်အဖြစ် အသုံးပြုမည်ဟု ဆိုထားသည်။ထို့သို့ ကာဗွန်မဲ့အတွက် ဟန်ကျိုးအိုလံပစ်အားကစားစင်တာ ရေနှင့်ဆိုင်ရာအားကစားကွင်းတွင် ပြင်ပသဘာဝအလင်းရောင်ကို ခေါင်မိုးပေါ်ရှိ ပြွန် ၂၁၀ မှတစ်ဆင့် အားကစားကွင်းအတွင်းသို့ သွင်းပေးမည်ဟု သိရသည်။ဖူယန်း ရေနှင့်ဆိုင်ရာ အားကစားစင်တာ၏ စတုရန်းမီတာ ၂၄,၀၀၀ ခန့်ရှိသော ခေါင်မိုးတွင် စိမ်းလန်းသောအပင်မျိုးစုံကို စိုက်ပျိုးကာ အပင်သဘာ၀ဖြင့် ကာဗွန်ကို ဖမ်းယူကာ အောက်ဆီဂျင်ထုတ်လွှတ်မှုဖြင့် ကွင်းကို ဆောင်း ရာသီတွင် နွေးထွေးစေပြီး နွေရာသီတွင် အေးမြစေမည်ဟု သိရသည်။
 
တခြားသော စိတ်ဝင်စားစရာဖြစ်ရသည်က 3D ဝါယာကြိုးလမ်းညွှန်နည်းပညာဖြစ်သည်။ဖွင့်ပွဲအခမ်းအနား၏ ကြီးမားသောနေရာတစ်ခုတွင် မီးတောက်မီးထွန်းခြင်းအခမ်းအနားကို ဒစ်ဂျစ်တယ်အခြေခံအချက်ပြ ပေါင်းစပ်မှုဖြင့် ထွန်းညှိမည်ဟုဆိုခြင်းဖြစ်သည်။ယင်းမှာ နိုင်ငံတကာအဆင့်အားကစားပြိုင်ပွဲများတွင် ပထမဆုံး ဒစ်ဂျစ်တယ်အလင်းရောင် အခမ်းအနားဖြစ်လာမည်ဖြစ်ရာ တရုတ်၏နည်းပညာတိုးတက်မှုကို ကမ္ဘာက သိသာစေနိုင်မည်ဖြစ်သည်။
 
နည်းပညာအားဖြင့်လည်း ပြိုင်ပွဲကျင်းပနေသည့် ကွင်းအတွင်း ယှဉ်ပြိုင်နေသည်များကိုလည်း 4K အဆင့်မြင့်မားတိကျသော ပုံရိပ်ဖော်မှုဖြင့် ထုတ်လွှင့်မည်ဖြစ်ပြီး ကွင်းအားလုံးကို 5G စနစ်များ၊ ဉာဏ်ရည်စနစ်စီမံခန့်ခွဲမှုများ၊ စွမ်းအင်သစ်များသုံးစွဲမည်ဖြစ်သည်။ထို့ကြောင့် ယင်းပြိုင်ပွဲမှာ နည်းပညာခေတ်လွန်ပြိုင်ပွဲတစ်ခုအဖြစ် ပထမဆုံးမြင်ရဖွယ်ရှိနေပေသည်။ပြိုင်ပွဲကာလတွင်လည်း ဘေးကင်းပြီး စမတ်ကျသော မောင်းသူမဲ့ဘတ်စ်ကားများက ဒေသခံများနှင့် လာရောက်သူများကို ဝန်ဆောင်မှုပေးမည်ဟုဆိုထားသည်။အဆိုပါဘတ်စ်ကားများတွင် အမြင် အာရုံခံကင်မရာများကဲ့သို့သော အလိုလျောက်မောင်းနှင်မှုအာရုံခံကိရိယာများ တပ်ဆင်ထားရာ ဘေးပတ်ဝန်း ကျင်ကို တိကျစွာသိရှိနိုင်သလို ကိုယ်တိုင်လည်းမောင်းနှင်နိုင်ပြီး တံခါးဖွင့်ပိတ်လုပ်နိုင်ကြောင်း ဆိုသည်။
 
လျှပ်စစ်ကားများဖြင့်လည်း ဟန်ကျိုးအားကစားပြိုင်ပွဲကာလအတွင်း အစိမ်းရောင်ခရီးသွားလာမှုဆီသို့ လမ်းကြောင်းသစ်တစ်ခုဖြစ်ပေါ်လာစေရန် မျှော်လင့်ထားသည်။ထို့အတွက်တာဝန်ယူထားသည့် State Grid Hangzhou Power Supply Companyက ပြိုင်ပွဲကာလအတွင်း လျှပ်စစ်ဓာတ်အားသွင်းမှု အပြည့်အ၀လွှမ်း ခြုံနိုင်ရန် ကြိုးပမ်းနေပြီး အားကစားကွင်းနှင့် ဆက်စပ်သည့် ဧရိယာများတွင် တစ်ကီလိုမီတာ အချင်းဝက်အားသွင်းစက်ဝိုင်းကို တည်ဆောက်နေကြောင်း ဆိုသည်။
 
ထို့အတွက် ဟန်ကျိုးအားကစားရွာနှင့် ဟန့်ကျိုး Xiaoshan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးစွမ်းအားမြင့် ကြိုးမဲ့အားသွင်းစခန်း (NEVs) ကိုပါ တည်ဆောက်နေကြောင်း ဆိုသည်။ကုမ္ပဏီသည် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွင်း အစိမ်းရောင်စွမ်းအင်သုံး ခရီးသွားများအတွက် ဘက်စုံဝန်ဆောင်မှုများပေးဆောင်နိုင်ရန် စုစုပေါင်း အားသွင်းစခန်း ၁၀၂ ခုနှင့် အားသွင်းရုံပေါင်း ၂,၀၂၄ လုံး တည်ဆောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ထိုသည်မှာ ဟန်ကျိုးအားကစားပြိုင်ပွဲအတွက် တရုတ်ဘက်က အားစိုက်ထုတ်မှုများဖြစ်သည်။ဟန်ကျိုးအားကစားပွဲကိုရောက်သွားသူအဖို့ ခေတ်လွန် AI ဂိမ်းများထဲ ရောက်သွားသလို ခံစားရစေမည်မှာ အမှန်ပင် ဖြစ်သည်။ 
 
တစ်နည်းအားဖြင့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသည် လာမည့်အနာဂတ်တွင်ရှိမည့် တရုတ်နိုင်ငံရှိ မြို့ပြစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဝန်ဆောင်မှုများအတွက် စံနမူနာအသစ်များနှင့် စိတ်ကူးစိတ်သန်းများကို သရုပ်ပြခြင်းလည်းဖြစ်သည်။ထိုစံနမူနာတွင် အစိမ်းရောင်၊ ကာဗွန်နည်းပါးသော စွမ်းအင်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတရားများနှင့် ပေါင်းစပ်မှုကို မြှင့်တင်ထားခြင်းကို ကမ္ဘာသို့ပေးသိလိုက်ခြင်းပင်ဖြစ်လေသည်။
 
ကမ္ဘာ့အခင်းအကျင်းတွင် လေးနက်သောပြောင်းလဲမှုများသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အခွင့်အလမ်းသစ်များ ဖန်တီးပေးခဲ့သော်လည်း နိုင်ငံအချို့သည် ကုန်သွယ်မှုကာကွယ်ရေးဝါဒကို အသုံးပြုကာ ကမ္ဘာ့နေရာအချို့တွင် ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်လာခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးများနှင့် ယနေ့ခေတ်တွင် ရင်ဆိုင်နေရသည်။ထို့ကြောင့် တရုတ်နိုင်ငံသည်လည်း အနာဂတ်တွင် အနောက်နိုင်ငံများ၏ ထိန်းချုပ်ရေးမူဝါဒများ၊ မသေချာမရေရာမှုများနှင့် စိန်ခေါ်မှုများကို ရင် ဆိုင်ရဖွယ်ရှိသည်။
 
ခေတ်သစ်တွင် တရုတ်နိုင်ငံသည် ၎င်း၏သမိုင်းကြောင်းကို ကမ္ဘာကို ပိုမိုသိရှိနားလည်စေရန်၊ နိုင်ငံ့ယဉ်ကျေးမှုကို ကမ္ဘာ့က သိရှိမှုမြှင့်တင်ရန်နှင့် အန္တရာယ်များနှင့် စိန်ခေါ်မှုများကိုကျော်လွှားရန် တရုတ်၏ကိုယ်ခံအား ဘယ်လောက်ထိရှိသည်ကို ပြသရန် လိုသည်။ယခုအားကစားပြိုင်ပွဲက တရုတ်၏ ဘက်စုံတိုးတက်မှုနှင့် ပင်ကိုယ်ရှိနေသည့် စီးပွားရေးနှင့် စည်းလုံးမှုအင်အားအပြင် နည်းပညာတိုးတက်မှုကိုပါ ပြနေမည်ဖြစ်လေသည်။  
 
လင်းသစ်အောင်