【 နိုင်ငံတကာဆောင်းပါး 】 ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး တရုတ်၏ ထင်ရှားသော လုပ်ဆောင်ချက်

【 နိုင်ငံတကာဆောင်းပါး 】 ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး တရုတ်၏ ထင်ရှားသော လုပ်ဆောင်ချက်

ယခင်ခေတ်ကာလများတွင် တရုတ်နိုင်ငံ၌ အရင်းအမြစ်မလုံလောက်မှုများစွာရှိခဲ့သောကြောင့် မိသားစုများသည် အိမ်တွင် ရေပူမသုံးနိုင်ကြသောကြောင့် အများပြည်သူသုံး ရေပူရေချိုးရုံများ များစွာရှိခဲ့သည်။သို့သော် ယနေ့ခေတ်တွင်မူ ထိုသို့သော ရေချိုးရုံများ ပျောက်ကွယ်သွားပြီဖြစ်သည်။

နေရောင်ခြည်စွမ်းအင်သုံး အပူပေးစနစ်များ မိတ်ဆက်ပြီးသည့်နောက်တွင် တရုတ်ပြည်သူများသည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော လူနေမှုပုံစံတွင် သက်သောင့်သက်သာ နေထိုင်နိုင်ကြပြီဖြစ်သည်။  

တရုတ်သည် နေရောင်ခြည်သုံး ဓာတ်အားလျှပ်စစ်ထုတ်လုပ်ရေး နယ်ပယ်တွင် အင်အားကြီးမားလာနေပြီဖြစ်သည်။ ၂၀၁၃ ခုနှစ် မတိုင်မီတွင်မူ တရုတ်၏ နေရောင်ခြည်သုံး လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ စက်ကိရိယာများကို ပြည်ပနိုင်ငံများမှ တင်သွင်းခဲ့ရသည်။ယခုအခါတွင်မူ တရုတ်ကုမ္ပဏီများသည် နေရောင်ခြည်သုံး ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာ အဓိကနယ်ပယ်လေးခုတွင် ကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိနေပြီဖြစ်သည်။  

တရုတ်က နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နယ်ပယ်၌ အားကောင်းလာခြင်းသည် နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစေရေး မူဝါဒကို မီးမောင်းထိုးပြလျက်ရှိသည်။ ၂၀၂၂ ခုနှစ်မှ စတင်ပြီး တရုတ်သည် နေရောင်ခြည်သုံးနှင့် လေအားလျှပ်စစ်ဆိုင်ရာ စွမ်းအင်သစ်ကဏ္ဍများတွင် လျင်မြန်စွာကြီးထွားလာပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များအပေါ် မှီခိုမှု သိသိသာသာလျော့ကျခဲ့သည်။  

ဇွန်လ ၂၀၂၃ ခုနှစ်အထိ စာရင်းဇယားများအရ တရုတ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တည်ဆောက်ထားမှုသည် ကီလိုဝပ်ပေါင်း ၁.၃ ဘီလီယံရှိခဲ့ပြီဖြစ်ပြီး တရုတ်သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးစွမ်းအင်ပမာဏကို ကျော်လွန်သွားခြင်းဖြစ်သည်။တရုတ်၏ လေအား၊ နေရောင်ခြည်သုံး၊ လေအားနှင့် ဇီဝစွမ်းအင်များသည် ကမ္ဘာ့နိုင်ငံများတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြဿနာကို ဖြေရှင်းရေးအတွက် တရုတ်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အာရုံစိုက်ပြီး တစ်ဖက်တွင်လည်း သမားရိုးကျစွမ်းအင်များကို ပိုမိုသက်ရောက်မှုရှိစေရန် ကြိုးပမ်းလျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်သည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု ပြင်းထန်နှုန်းကို ၅၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။တရုတ်သည် ၂၀၃၀ ခုနှစ် မရောက်မီတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို အမြင့်ဆုံးရောက်စေမည်ဖြစ်ကာ ၂၀၆၀ ခုနှစ်မတိုင်မီတွင် ကာဗွန် အသားတင် သုည ပန်းတိုင်ကို ရောက်ရှိမည်ဟု သမ္မတ ရှီကျင့်ဖျင်က ၂၀၂၀ ခုနှစ်တွင် ကြေညာခဲ့သည်။

တာဝန်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်သည် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအသစ်များကို တည်ဆောက်တော့မည်မဟုတ်ဘဲ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။တစ်ဖက်တွင် တရုတ်သည် နိုင်ငံတကာပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုရေးရာ အုပ်ချုပ်မှုတွင် ပါဝင်လျက်ရှိပြီး ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းကို အားကောင်းစေလျက်ရှိသည်။ကျွန်းနိုင်ငံများအတွက်လည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကို လုပ်ဆောင်လျက်ရှိပြီး အာဖရိကနိုင်ငံများအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးတက်စေကာ အိမ်သုံးလျှပ်စစ် မလုံလောက်ခြင်းကို ဖြေရှင်းရာတွင် ကူညီပေးလျက်ရှိသည်။  

တစ်ဖက်တွင်မူ တရုတ်သည် ခါးပတ်နှင့် လမ်း အစီအစဉ်၏ နိုင်ငံတကာအစိမ်းရောင်တိုးတက်မှု ညွန့်ပေါင်းအဖွဲ့ကို အရှိန်မြှင့်တင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘဏ္ဍာရေးအထောက်အပံ့နှင့် လုပ်ဆောင်နိုင်မည့် အစီအစဉ်များ ပံ့ပိုးပေးလျက်ရှိသည်။ထိုအချက်များကို ကြည့်ခြင်းအားဖြင့် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအုပ်ချုပ်ရေးကို မြှင့်တင်ပေးနေသည့် ဆုံးဖြတ်ချက်နှင့် တာဝန်ယူမှုများကို တွေ့နိုင်သည်။ယခုအချိန်အထိ တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ရာသီဥတုအရေး ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ယွမ် ၁.၂ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။  

သမ္မတ ရှီ၏ အထူးကိုယ်စားလှယ် တင်းရှူရှန်းက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု တုံ့ပြန်ခြင်း ညီလာခံ၌ ပြောကြားခဲ့သလိုပင် သက်ဆိုင်သူအားလုံးအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း စိန်ခေါ်မှုများကို ဖြေရှင်းရန် ဆုံးဖြတ်ချက်ခိုင်မာရမည်ဖြစ်ပြီး အတူတကွလုပ်ဆောင်ရမည်ဖြစ်သည်။ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှုကို ဖြေရှင်းရန် ခိုင်မာသိသာသော လုပ်ဆောင်ချက်များ လုပ်ဆောင်နေသော တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းကိုလည်း ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ မူဘောင်နှင့် ပဲရစ်သဘောတူညီချက်တို့ကို လိုက်နာပြီး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန်အကျိုးအမြတ်ရရှိစေရေးကို တိုက်တွန်းခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ ပေါ်ထွက်လာချိန်တွင် ပူးပေါင်းဆောင်ရွက်ရေးသည်သာ တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | China's concrete action to address climate change