【 နိုင်ငံတကာဆောင်းပါး 】 ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်သော ချဉ်းကပ်မှု

【 နိုင်ငံတကာဆောင်းပါး 】 ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်သော ချဉ်းကပ်မှု

တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်အတွက် အလယ်အလတ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ချဉ်းကပ်လျက်ရှိပြီး ဟန်ချက်မျှသော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေးနှင့် ယဉ်ကျေးမှုအရေးတို့ကို ဖော်ဆောင်လျက်ရှိသည်။

တီထွင်ဆန်းသစ်မှုကို အခြေခံသော ချဉ်းကပ်မှုဖြင့် တရုတ်နိုင်ငံသည် ဂေဟဗေဒအကျိုးပြု လူသားယဉ်ကျေးမှုဖော်ဆောင်ခြင်း၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းအတွက် ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ဖော်ဆောင်ခြင်းဟူသော အဓိကနယ်ပယ်သုံးခုကို အာရုံစိုက်လျက်ရှိသည်။  

တရုတ်သည် ကျေးလက်ဒေသရှိ ဒေသခံများအတွက် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ကောင်တီပေါင်း ၈၃၂ ခုမှ ကျေးရွာပေါင်း ၁၂၈,၀၀၀ ရှိ ပြည်သူပေါင်း သန်း ၁၀၀ ကို အလွန်အမင်း ဆင်းရဲခြင်းမှ ကယ်တင်နိုင်ခဲ့သည်။

၁၉၈၀ ခုနှစ်များမှ စတင်ခဲ့သော တရုတ်၏ ဆင်းရဲမွဲတေမှု လျှော့ချခြင်း လုပ်ငန်းများသည် တစ်သတ်မတ်တည်းဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုရှိစွာဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ကျန်ရှိနေသော ဆင်းရဲသူများသည် ပထဝီဝင်အနေအထားအရ တစ်စုတစ်စည်းတည်းမဟုတ်ဘဲ ပျံ့နှံ့နေကြပြီး ပို၍နက်နဲသော ဆင်းရဲတွင်းတွင် ရှိနေခြင်းဖြစ်သည်။ထိုသူများထံ ကူညီမှုမရောက်နိုင်သေးခြင်းသည် စိန်ခေါ်မှုဖြစ်လာပြီး ထို့ကြောင့်ပင် ၂၀၁၃ ခုနှစ်တွင် ပစ်မှတ်ထားသော ဆင်းရဲမှုလျှော့ချခြင်း မဟာဗျူဟာကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။  

ဆင်းရဲမွဲတေမှုလျှော့ချခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ရန်ပုံငွေအသုံးပြုခြင်းတို့၏ အာရုံစိုက်မှု နယ်ပယ်များကို ကျဉ်းမြောင်းအောင် လုပ်ခဲ့သည်။အတိအကျ ဆင်းရဲမွဲတေမှု လျှော့ချခြင်း ပုံစံသည် ဝင်ရောက်စီမံခန့်ခွဲမှုများနှင့် ရန်ပုံငွေများကို ဖောဖောသီသီ လက်လွတ်စပယ်ပေးခြင်းမျိုး မဟုတ်ဘဲ တိကျသော အတည်ပြုချက်ရှိခြင်း၊ ပစ်မှတ်ထားစီမံခန့်ခွဲခြင်းနှင့် သင့်တော်စွာ လက်ရှောင်ပေးခြင်းတို့ ပါဝင်သည်။  

အိမ်ထောင်စုသန်းခေါင်စာရင်းများ၊ လူထုဆွေးနွေးပွဲများ၊ အများပြည်သူဆိုင်ရာ သတင်းအချက်အလက်များမှတစ်ဆင့် ဆင်းရဲမွဲတေသော အိမ်ထောင်စုများကို တိတိကျကျ အတည်ပြုနိုင်ပြီး အဆင်းရဲဆုံးသူများအတွက် သင့်တော်မည့် အခြေအနေများ တည်ဆောက်နိုင်သော မှတ်တမ်းများ ပြုစုနိုင်ခြင်းဖြစ်သည်။ထိုအခါ အသေးစိတ်ကျသော လိုအပ်ချက်များကို မူတည်ပြီး သီးသန့်ဖြစ်သော လုပ်ငန်းဆိုင်ရာများကို ရေးဆွဲနိုင်သည်။သီးသန့်ဖြစ်သော စီမံခန့်ခွဲမှုများတွင် နေရာရွှေ့ပြောင်းခြင်း၊ စီးပွားရေးဆိုင်ရာ နစ်နာကြေးပေးခြင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်စေခြင်း၊ လူမှုဖူလုံရေးနှင့် ပညာရေးတိုးတက်စေခြင်းတို့ ပါဝင်သည်။ထိုအကူအညီပေးခံရသူများသည် လုံလောက်သော ဝင်ငွေတစ်ခု ရရှိလာချိန်တွင် ဆင်းရဲသူများဟု မသတ်မှတ်တော့ဘဲ စီမံခန့်ခွဲမှုမှ လက်ရှောင်ခြင်းဖြစ်သည်။  

တရုတ်က တီထွင်ဆန်းသစ်သော ချဉ်းကပ်မှုကို ဖော်ဆောင်နေသည့် အခြားသောနယ်ပယ်မှာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု လူသားယဉ်ကျေးမှုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်ကောင်စီသည် ၂၀၃၀ ခုနှစ်ဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အကောင်အထည်ဖော်ရေးအတွက် တီထွင်ဆန်းသစ်မှု သရုပ်ဖော်ပြသရေးဇုန်များ တည်ဆောက်ခြင်းဆိုင်ရာ အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတစ်ဝန်း ဇုန် ၁၀ ခု တည်ဆောက်ရန် အဆိုပြုခဲ့သည်။ထိုအကောင်အထည်ဖော်မှုများ၏ အကျိုးရလဒ်ကို တရုတ်နိုင်ငံအနှံ့ အများအပြားမြင်တွေ့နိုင်ပြီး အထူးသဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေး အရှိန်အဟုန်မြင့်တက်ခဲ့သော ရှန်ကျန်းတွင်ဖြစ်သည်။

မြို့၏ သိပ္ပံနှင့် နည်းပညာ စွမ်းအင်များသည်လည်း မြင့်တက်လာပြီး ရှန်ကျန်း၏ နယ်မြေ ၄၁ ရာခိုင်နှုန်းတွင် အရည်အသွေးမြင့်မားပြီး စွမ်းအင်သုံးစွဲမှုနည်းပါးသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ကာ စက်မှုလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုပြီး ဖန်လုံအိမ်ဓာတ်ငွေ့နည်းပါးသည့် လုပ်ငန်းများကို လုပ်ဆောင်လာနိုင်ခြင်းဖြစ်သည်။  

ရှန်ကျန်းသည် တီထွင်ဆန်းသစ်မှုရှိသော ချဉ်းကပ်မှုဖြင့် ရေညစ်ညမ်းခြင်းပြဿနာကို ဖြေရှင်းပြီး အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် လုပ်ဆောင်နိုင်ခဲ့သည်။မိုးရေနှင့် မိလ္လာရေအား ခွဲခြားခြင်း စီမံကိန်းများ၊ ရေသန့်စင်ပေးနိုင်သော အပင်များစိုက်ခြင်းများနှင့် မိလ္လာစနစ်အား စနစ်တကျစီမံခြင်းများကို လုပ်ဆောင်ခဲ့ပြီး စွမ်းအင်သုံးစွဲမှုလျှော့ချနိုင်ရန်လည်း ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။  

တရုတ်သည် ရာသီဥတုပြောင်းလဲခြင်းကို တိုက်ဖျက်ရန် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချခြင်းအတွက် အဆက်မပြတ် အားထုတ်လျက်ရှိပြီး သိသာသော ရလဒ်များလည်း ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်၏ ဂျီဒီပီအလိုက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ ၄၈ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။တရုတ်သည် စွမ်းအင်အတွက် ပြန်လည်ဖြည့်တင်းမြဲစွမ်းအင်ကို အသုံးပြုမှု မြင့်တက်လာပြီး လက်ရှိတွင် တရုတ်သည် ကမ္ဘာ့အကြီးဆုံး ပြန်လည်ဖြည့်တင်းမြဲစွမ်းအင် တင်ပို့သူဖြစ်ကာ ကမ္ဘာ့နေရောင်ခြည်သုံးစွမ်းအင်ထုတ် ကိရိယာများ၏ သုံးပုံနှစ်ပုံမှာ တရုတ်မှ တင်ပို့ခြင်းဖြစ်သည်။  

ထို့အပြင် တရုတ်သည် ရေအားလျှပ်စစ်၊ ဇီဝဓာတ်ငွေ့နှင့် လေအားလျှပ်စစ်တို့အတွက်လည်း ကမ္ဘာ့အကြီးမားဆုံးစွမ်းရည်ကို တည်ဆောက်ပြီးဖြစ်ကာ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်အဖြစ် စီမံခန့်ခွဲခြင်း စနစ်ကိုလည်း တည်ဆောက်ပြီးဖြစ်သည်။

ထိုသို့နည်းလမ်းများကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၌ များစွာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် တီထွင်ဆန်းသစ်မှုကို အသုံးပြုပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို ဖော်ဆောင်ခြင်းတို့ဖြင့် လူသားယဉ်ကျေးမှု သမိုင်းကြောင်းတွင် အရေးပါသော မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။  

စိုးနိုင်ထွန်း
Ref - CMG | China's innovation-driven approach for sustainable development