【 နိုင်ငံတကာဆောင်းပါး 】 သက်ကြီးရွယ်အို များပြားသည့် အကျပ်အတည်း ဆင်းရဲသော အာရှနိုင်ငံများ ရင်ဆိုင်ရ

【 နိုင်ငံတကာဆောင်းပါး 】 သက်ကြီးရွယ်အို များပြားသည့် အကျပ်အတည်း ဆင်းရဲသော အာရှနိုင်ငံများ ရင်ဆိုင်ရ

Ragnarok အွန်လိုင်းဂိမ်း ကစားသူများသည် အဖျက်လုပ်ငန်းများ အကြီးအကျယ်လုပ်ရန် Norse ဒဏ္ဍာရီမှ ဇာတ်ကောင်များကို အသုံးပြုကြသည်။

အသက် ၇၀ နှင့် ၇၉ နှစ်အကြားသူများကို ထိုကစားနည်းက ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း ဆန်တာနာဖောင်ချာရွန်ကို တားဆီးနိုင်ခြင်းမရှိပေ။

အသက် ၇၂ နှစ်ရှိပြီဖြစ်သော ထို ထိုင်းအဖွားအိုသည် ထိုကစားနည်း၏ အမြင့်ဆုံးအဆင့်အထိ ရောက်ခဲ့သည်။ထိုကစားနည်းသည် အသက်အရွယ်ကြီးရင့်သူများအတွက် ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးသည်ဟု သက်ကြီးရွယ်အိုများအတွက် လူမှုကွန်ရက်ဖြစ်သည့် Manoottangwai တွင် သူရေးသားသည်။ထိုသို့သော ဇာတ်လမ်းများကိုဖော်ပြပြီး ထိုလူမှုကွန်ရက်ကို တည်ထောင်သူများက ထိုင်းနိုင်ငံ၏ လူဦးရေအချိုးအစား အကျပ်အတည်းအတွက် ကူညီပြင်ဆင်ပေးနေခြင်းဖြစ်ကြောင်း ပြောသည်။

ထိုပြဿနာ မည်မျှဆိုးရွားသည်ကို နားလည်ရန် ထိုင်းနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို သက်ကြီးရွယ်အိုများပြားသည့် လူဦးရေနှင့် ရင်ဆိုင်နေရသည်ဟု ကျော်ကြားသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ရမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ကြားတွင် ထိုင်းနိုင်ငံ လူဦးရေတွင် အသက် ၆၅ နှစ်နှင့်အထက် အရွယ်များသည် ၇ ရာခိုင်နှုန်း မှ ၁၄ ရာခိုင်နှုန်းသို့ တိုးလာသည်။ထိုအရေအတွက်သည် သက်ကြီးရွယ်အိုများပြားသည့်ပြဿနာ စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း သတ်မှတ်သည့် အရေအတွက်ဖြစ်သည်။
အလားတူအပြောင်းအလဲဖြစ်ရန် ဂျပန်သည် ၂၄ နှစ်ကြာပြီး အမေရိကန်ပြည်ထောင်စုက ၇၂ နှစ်ကြာကာ ပြင်သစ်က ၁၁၅ နှစ်ကြာသည်။ထိုနိုင်ငံများနှင့်မတူဘဲ ထိုင်းနိုင်ငံသည် မချမ်းသာလာမီ သက်ကြီးရွယ်အိုများပြားသည့် ပြဿနာကို ရင်ဆိုင်ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၇၀၀၀ ရှိသည်။ဂျပန်တွင် အလားတူ လူဦးရေအချိုးအစားဖြစ်လာစဉ် ၁၉၉၄ ခုနှစ်က ဂျပန်၏ တစ်ဦးချင်းဝင်ငွေမှာ ထိုင်းထက် ၅ ဆ ပိုမိုမြင့်မားသည်။ထိုင်းနိုင်ငံ၏ ပြဿနာများသည် ဒေသတွင်းတွင်ဖြစ်နေသည့် လမ်းကြောင်းသည် စီးပွားရေးနှင့် လူမှုရေးအရ လွန်စွာအရေးပါကြောင်း မီးမောင်းထိုးပြနေသည်။

ဗီယက်နမ်တို့သည် ထိုင်းတို့၏ ထက်ဝက်ခန့် ချမ်းသာကြသည်။၎င်းတို့၏ လူမှုအဖွဲ့အစည်းသည် အသက်အရွယ်ကြီးရင့်နေခြင်းမှ အိုမင်းရင့်ရော်မှု များပြားလာခြင်းအဆင့်သို့ ကူးပေါင်းရန် ၁၇ နှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။ အင်ဒိုနီးရှား (၂၆ နှစ်) နှင့် ဖိလစ်ပိုင် (၃၇ နှစ်) တို့ကဲ့သို့ သက်ကြီးရွယ်အိုများပြားသည့် ပြဿနာနှင့် ရင်ဆိုင်ရရန် အချိန်ပိုမိုယူရမည့် နိုင်ငံများတွင်ပင် သက်ကြီးရွယ်အိုများပြားခြင်း ပြဿနာသည် အခြားနိုင်ငံများထက် တစ်ဦးချင်းဝင်ငွေ နည်းနေချိန်တွင် ဖြစ်ပွားမည်ဖြစ်သည်။

အရှေ့ တောင်အာရှဒေသတစ်ခုလုံးအနေဖြင့် သက်ကြီးရွယ်အိုများပြားခြင်း ပြဿနာကို ၂၀၄၂ ခုနှစ်တွင် ရင်ဆိုင်ရမည်ဖြစ်သည်။တောင်အာရှသည် နောက်ထပ် ဆယ်စုနှစ်တစ်ခု ပိုမိုကြာမှသာ ထိုပြဿနာကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း ဒေသတွင်းတွင် ကွာခြားမှု လွန်စွာမြင့်မားမည်ဖြစ်သည်။

ယခုစီးပွားရေးအကျပ်အတည်း မရင်ဆိုင်ရမီက ထိုင်းနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ၏ သုံးပုံတစ်ပုံသာရှိသော သီရိလင်္ကာသည် ၂၀၂၈ ခုနှစ်တွင် သက်ကြီးရွယ်အိုများသည့် ပြဿနာကို ရင်ဆိုင်ရမည်ဖြစ်သည်။ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံ အစိတ်အပိုင်းများသည် သက်ကြီးရွယ်အိုများပြားသည့် ပြဿနာကို ရင်ဆိုင်နေရပြီးဖြစ်သည်။တောင်ပိုင်း ကာရာလာပြည်နယ်တွင် လူဦးရေ၏ ၁၇ ရာခိုင်နှုန်းသည် အသက် ၆၀ နှင့်အထက် ဖြစ်နေသည်။အာရှသည် ၂၀၅၀ ခုနှစ်တွင် ဆင်းရဲသောနိုင်ငံများမှ သက်ကြီးရွယ်အိုလူဦးရေများပြားမှု၏ ၇၀ ရာခိုင်နှုန်းကို လက်ခံထားရမည်ဖြစ်သည်။

အာရှ၏ လူဦးအချိုးအစား ပြောင်းလဲမှုနှုန်းသည် ၎င်း၏ တိုးတက်မှု ရလဒ်တစ်ခုဖြစ်သည်။စက်မှုလုပ်ငန်းထူထောင်ခြင်းနှင့် လူမှုအယူအဆများပြောင်းလဲခြင်းတို့ကြောင့် ပိုမိုကောင်းမွန်သော နည်းပညာနှင့် ကျန်းမာရေးကြောင့် ပြည်သူများ ပိုမိုအသက်ရှည်လာသည့်တိုင် မွေးဖွားမှုနှုန်း ကျဆင်းသည်။သို့သော် ၂၀ ရာစုအတွင်း သက်ကြီးရွယ်အိုအချိုးအစား များပြားမှု ရင်ဆိုင်ရသည့် အရှေ့အာရှကျားများနှင့် နှိုင်းယှဉ်ပါက အာရှမှ ထွန်းသစ်စနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးနေစဉ် ထိုပြဿနာကို ရင်ဆိုင်ရခြင်းဖြစ်သည်။ထိုအချက်များအားလုံးသည် ဒေသတွင်း စီးပွားရေးပြဿနာများကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

မချမ်းသာမီ သက်ကြီးရွယ်အိုများပြားသည့် ပြဿနာကို ရင်ဆိုင်ရသည့် နိုင်ငံများသည် အာရှသြဇာကြီးမားမှုအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေးအကြံပေး ဒေါင်ဟွန်ပတ် ပြောသည်။

အကြီးမားဆုံး နောက်ပြန်ဆွဲခံရမည်မှာ လုပ်အားဈေးကွက်ဖြစ်သည်။နိုင်ငံများတွင် သက်ကြီးရွယ်အိုများလေလေ လုပ်သားအင်အားစု လျော့ကျလေလေပင်ဖြစ်သည်။ထိုင်းနိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေသည် ၂၀၅၅ ခုနှစ်တွင် ၅ ပုံ ၁ ပုံ ကျဆင်းမည်ဟု မျှော်လင့်ရသည်။သက်ကြီးရွယ်အိုများပြားခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုမိုကြီးမားသည့် ပြဿနာကို ဖြစ်စေသည်။ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့တွင် သက်ကြီးရွယ်အိုများပြားခြင်းကြောင့် ထိခိုက်လွယ်သည့် စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍများရှိသောကြောင့်ဖြစ်သည်။

စီးပွားရေးတိုးတက်မှုက အလုပ်သမားများကို မြို့ကြီးများသို့ ဆွဲဆောင်သောကြောင့် ၎င်းတို့မိဘများသည် စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရသည်။ ၂၀၂၃ ခုနှစ်တွင် Nature စာစောင်တွင် ဖော်ပြသည့် သုတေသနတစ်ခုအရ ၂၀၁၉ ခုနှစ်က တရုတ်ကျေးလက်တွင် အသက်အရွယ်ကြီးခြင်းကြောင့် လယ်ယာထုတ်ကုန် ၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တွေ့ရသည်။လူမှုရေးအရ ပေးဆပ်ရသည့် တန်ဖိုးများလည်းရှိနေသည်။

အကြီးဆုံးပြဿနာများတွင် အငြိမ်းစားများ ဆင်းရဲနွမ်းပါးမှုအောက် ကျဆင်းရခြင်းဖြစ်သည်။ထိုပြဿနာသည် ချမ်းသာသော နိုင်ငံများပင် ရင်ဆိုင်နေရသော ပြဿနာဖြစ်သည်။ပိုမိုဆင်းရဲသော နိုင်ငံများတွင် အလုပ်သမားများသည် လုံလောက်စွာ (သို့မဟုတ်) လုံးဝစုဆောင်းနိုင်ခြင်း မရှိကြပေ။၎င်းတို့ ကျားကုတ်ကျားခဲ စုဆောင်းနိုင်ကြလျှင်ပင် ဘဏ္ဍာရေးတတ်မြောက်မှုအဆင့် နိမ့်ကျခြင်းနှင့် ဖွံ့ဖြိုးမှုနည်းသော ဘဏ္ဍာရေးဈေးကွက်များကြောင့် ထိုငွေဖြင့် ၎င်းတို့လုပ်နိုင်စရာ အနည်းငယ်သာရှိသည်။နိုင်ငံတော်အစိုးရ အငြိမ်းစားလစာ လွှမ်းခြုံမှုသည် တိုးတက်လာသော်လည်း မပြည့်စုံသေးပေ။

တောင်နှင့် အရှေ့တောင်အာရှတွင် သက်ကြီးရွယ်အိုများ၏ ၄၀ ရာခိုင်နှုန်းသာ အငြိမ်းစားလစာငွေရရှိကြောင်း နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်က ဖော်ပြသည်။ကမ္ဘောဒီးယားနှင့် ပါကစ္စတန်တွင် ထိုအချိုးအစားသည် ၁၀ ရာခိုင်နှုန်း အောက်တွင်သာရှိသည်။ထို့အပြင် ထိုအငြိမ်းစားလစာငွေသည် လွန်စွာနည်းပါးလှသည်။ဆင်းရဲသားများအတွက် အိန္ဒိယအမျိုးသား အငြိမ်းစားထောက်ပံ့ကြေးသည် လွန်စွာနည်းပြီး တစ်လလျှင် ရူပီး ၂၀၀ (၂.၄၀ ဒေါ်လာ) သာရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှုသည် နောက်ထပ် စိတ်ပူစရာကိစ္စဖြစ်သည်။ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် အလွန်အကျွံဝန်ပိနေပြီးဖြစ်သည်။သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုသည် အခြေခံအဆင့်တွင်သာရှိပြီး သွေးတိုးနှင့် ဆီးချိုကဲ့သို့ လူမှုကူစက်မှုမရှိသည့် ရောဂါများအတွက် ထောက်ပံ့မှုလည်း နည်းသည်။

မိသားစုများသည် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရသည့် အစဉ်အလာရင်းမြစ်ဖြစ်သည်။အာရှယဉ်ကျေးမှုတွင် သက်ကြီးရွယ်အိုများကို လေးစားကြပြီး မိသားစုအများအပြား စုပေါင်းနေထိုင်သည့် အိမ်ထောင်စုများလည်းရှိသည်။အာရှတွင် အသက် ၆၀ နှင့်အထက် အရွယ်များ၏ ၁၁ ရာခိုင်နှုန်းသာ သီးခြားနေထိုင်ကြသော်လည်း အမေရိကနှင့် ဥရောပတွင် ထိုသို့နေထိုင်သည့် သက်ကြီးရွယ်အို ၂၇ ရာခိုင်နှုန်းအထိရှိကြောင်း အမေရိကန်စစ်တမ်းကောက်သည့်လုပ်ငန်း Pew Research Centre က ဖော်ပြသည်။

အာရှလူ့အဖွဲ့အစည်းများက သားသမီးများသည် မိဘများကို စောင့်ရှောက်မည်ဟု မျှော်လင့်ကြသည်။အချို့နိုင်ငံများတွင် သားသမီးများက သက်ကြီးရွယ်အို မိဘများကို စောင့်ရှောက်ရန် လိုအပ်ခြင်းကို ဥပဒေအဖြစ်ပင် ရေးသားထားကြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတွင် သားသမီးများက သက်ကြီးရွယ်အိုမိဘများကို စောင့်ရှောက်ရန် ပျက်ကွက်ခြင်းသည် ထောင်ချနိုင်သည့် ပြစ်မှုဖြစ်သည်။သို့သော် ထိုလူမှုသဘောတူညီချက်သည် အင်အားချိနဲ့လာနေသည်။မြို့ကြီးများသို့ အလျင်အမြန် ရွှေ့ပြောင်းအခြေချခြင်းကြောင့် မိဘများနှင့် ခွဲခွာလာကြသည်။

နိုင်ငံအများအပြားတွင် အမျိုးသမီးများလုပ်သားအင်အားစုသို့ ပိုမိုပါဝင်လာခြင်းသည် အမျိုးသမီးများ၏ သက်ကြီးရွယ်အိုစောင့်ရှောက်နိုင်စွမ်းကို ကျဆင်းစေသည်။ထိုအပြောင်းအလဲသည် စိတ်ဒဏ်ရာရစေသည့် အပြောင်းအလဲဖြစ်သည်။ဆင်းရဲသောနိုင်ငံများတွင် တစ်ဦးတည်းနေထိုင်ရသော သက်ကြီးရွယ်အိုများသည် အမေရိကမှ တစ်ဦးတည်းနေထိုင်သည့် သက်ကြီးရွယ်အိုများထက် စိတ်ကျရောဂါ ပိုမိုဖြစ်စေနိုင်သည်ဟု သုတေသနသစ်က ဆိုသည်။သက်ကြီးရွယ်အို အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုသက်တမ်းရှည်သောကြောင့် ၎င်းတို့ကို အဆိုးဆုံး ထိခိုက်စေသည်။

အာရှနိုင်ငံများတွင် အမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းသည် ၇၅ နှစ်ရှိပြီး အမျိုးသားများ၏ ပျှမ်းမျှသက်တမ်းမှာ ၇၀ နှစ်သာရှိသည်။ထို့အပြင် အာရှအမျိုးသမီးများသည် အမျိုးသားလောက် ပညာမတတ်ကြပေ။ဝင်ငွေလည်းနည်းပြီး စုဆောင်နိုင်စွမ်းလည်း နည်းသည်။ဗီယက်နမ်တွင် နောက်ဆုံးကောက်ယူသည့် သန်းခေါင်းစာရင်းအရ သက်ကြီးရွယ်အိုအမျိုးသမီးများသည် ဘဏ္ဍာရေးအရ အမှီအခိုကင်းမဲ့မှုနည်းပြီး အမျိုးသားများထက် ရောဂါပိုမိုခံစားရကြောင်း ဖော်ပြထားသည်။ထိုသို့သောနိုင်ငံအများအပြားရှိနေသည်။

သက်ကြီးရွယ်အိုဘဝတွင် အမျိုးသမီးများသည် တစ်ဦးတည်း နေထိုင်ရနိုင်ခြေ ပိုမိုများပြားသည်။ဟမ်ဆာ၊ မီယန်နက်ရှီနှင့် ဆာရာဆွာသီတို့၏ ဖြစ်ရပ်များသည် ဥပမာဖြစ်သည်။ထိုအသက် ၇၀ ကျော် အမျိုးသမီးများသည် အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ တီရူဘန်နာမာလိုင်မြို့မှ အကျိုးအမြတ်မယူသော အဖွဲ့တစ်ခုက စီမံသည့် ဗောဓိမာရမ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွင် နေထိုင်ကြသည်။၎င်းတို့ ၃ ဦးလုံးသည် ၎င်းတို့၏ခင်ပွန်းသည်များထက် ပိုမိုအသက်ရှည်ကြပြီး မိသားစုများနှင့်အတူ နေထိုင်နိုင်ခြင်း မရှိတော့ပေ။သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကို စီမံသည့်အဖွဲ့က ထိုသို့သောဝန်ဆောင်မှုများ ပိုမိုလိုအပ်နေကြောင်း ပြောသည်။

ညံ့ဖျင်းသော အုပ်ချုပ်ရေးက အခြေအနေများကို ပိုမိုဆိုးရွားစေသည်။ဗောဓိမာရမ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာသည် ပရဟိတလုပ်ငန်းဖြစ်သောကြောင့် အစိုးရအထောက်အပံ့ရသည်။သို့သော် ထိုသို့ထောက်ပံ့ကြေးရရန်မှာ ထောက်ပံ့ကြေး အနည်းငယ်အတွက် စာရွက်စာတမ်းလုပ်ငန်းများ ရှည်ကြာစွာလုပ်ရသည်ဟု သိရသည်။ထို့ကြောင် ထိုစောင့်ရှောက်ရေးဂေဟာသည် အလှူငွေကို အားကိုးနေရသည်။သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အထူးသဖြင့် ပိုမိုချမ်းသာသော အာရှသက်ကြီးရွယ်အိုစောင့်ရှောက်ရေးသည် ပုဂ္ဂလိက ကဏ္ဍဘက်သို့ ပြောင်းလာနေသည်။အိန္ဒိယနိုင်ငံ မြို့ကြီးများတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ အများအပြားပေါ်ပေါက်လာနေသည်။

မူဝါဒချမှတ်သူများသည် ၎င်းတို့၏ အိုမင်းရင့်ရော်သော လူ့အဖွဲ့အစည်းများအတွက် စီမံချက်ချရန် ပျက်ကွက်ကြောင်း အာရှတွင် ထိုပြဿနာကိုကူညီနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့်  HelpAge မှ အက်ဒွပ်ဒို ကလိန်း ပြောသည်။အိန္ဒိယအရာရှိများသည် ၎င်းတို့၏ အလုပ် လုပ်နိုင်သော လူဦးရေတိုးတက်နေသောကြောင့် ဝမ်းမြောက်နေသောကြောင့် သက်ကြီးရွယ်အိုများပြားခြင်းကို ပြဿနာဟု စဉ်းစားခြင်းမရှိကြောင်း မာရီလန်းတက္ကသိုလ်မှ လူဦးရေအချိုးအစားသုတေသီ ဆန်နယ်ဒီ ဒီဆိုင် ပြောသည်။

ထိုသို့လူဦးရေအချိုးအစားပြောင်းလဲမှုကို ရင်ဆိုင်နေရသော နိုင်ငံများသည် အရေးယူဆောင်ရွက်မှုများ စတင်နေပြီဖြစ်သည်။ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သည့် ထိုင်းရွေးကောက်ပွဲမတိုင်မီတွင် ပါတီကြီးတိုင်းက သက်ကြီးရွယ်အိုများအတွက် ကတိများပေးကြသည်။ဗီယက်နမ်သည် ၂၀၀၉ ခုနှစ်ပင် သက်ကြီးရွယ်အိုများနှင့်ပတ်သက်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။သို့သော် ကျန်နိုင်ငံများသည် ပြဿနာ၏ အတိုင်းအတာကို အပြည့်အဝသဘောမပေါက်ကြသလို ပိုမိုရဲရင့်သည့် ခြေလှမ်းများလှမ်းရန် လိုသည်ကိုလည်း မသိကြပေ။

အမျိုးသမီးများကို လစာကောင်းသော အလုပ်များပေးခြင်းသည် လိုလားအပ်သော ကိစ္စဖြစ်သလို အထောက်အကူလည်းပြုမည်ဖြစ်သည်။တရားဝင် အငြိမ်းစားယူရသည့် အရွယ်ကျော်သည်အထိ အလုပ် လုပ်ခြင်းကိုလည်း ပိုမိုလွယ်ကူအောင် လုပ်သင့်သည်။နိုင်ငံအများအပြားသည် သက်ကြီးရွယ်အိုများကို မစွမ်းမသန် အကျိုးမပြုနိုင်တော့ဟုမြင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ပတ် ပြောသည်။

ထိုကိစ္စကို ပြောင်းလဲပစ်ရန် လိုသည်။မချမ်းသာမီ သက်ကြီးရွယ်အိုများပြားခြင်း ပြဿနာကို ရင်ဆိုင်ရသည့် နိုင်ငံများသည် မည်သည့်အကူအညီမဆို ရသလောက် လိုအပ်နေသည်။

NaYoe
Ref - The Economist | Poor Asian countries face an ageing crisis