【 နိုင်ငံတကာဆောင်းပါး 】 သဲကန္တာရထဲက အဝေးပြေးလမ်း

【 နိုင်ငံတကာဆောင်းပါး 】 သဲကန္တာရထဲက အဝေးပြေးလမ်း

ကမ္ဘာပေါ်မှာ သဲကန္တာရကိုဖြတ်ပြီး အဝေးပြေးလမ်း တည်ဆောက်ဖို့ဆိုတာ ခက်ခဲပြီး စိန်ခေါ်မှုရှိတဲ့ တည်ဆောက်မှုလို့ နားလည်ထားကြပါတယ်။ဒါပေမဲ့လည်း ဘယ်လိုအခက်အခဲတွေရှိနေပါစေ ကမ္ဘာမှာ ကန္တာရကို ဖြတ်ကျော် ဖောက်လုပ်တဲ့ အဝေးပြေးလမ်းတွေကတော့ တစ်စထက် တစ်စ တိုးပွားလို့လာနေပါတယ်။

ဒါဟာ တစ်ဖက်ကကြည့်ရင် လူသားတွေရဲ့ ထွန်းကားလာနေတဲ့ နယ်ပယ်အသီးသီးက နည်းပညာအရွေ့လို့ဆိုနိုင်ပြီး ဒီလိုကန္တာရဖြတ်ကျော် အဝေးပြေးလမ်းမကြီးတွေ တည်ဆောက်မှု နယ်ပယ်မှာဆိုရင် တရုတ်နိုင်ငံက အတွေ့အကြုံများစွာရှိတဲ့ နိုင်ငံလို့ ဆိုရမှာဖြစ်ပါတယ်။မကြာသေးမီကပဲ အဝေးပြေးလမ်းမသစ်ကြီးတစ်ခုကို ထပ်မံဖောက်လုပ်နိုင်ခဲ့ပြီး  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁) ရက်က နိုင်ငံတကာသတင်းတွေမှာ မိတ်ဆက်ဖော်ပြခဲ့ကြပါတယ်။

ကန္တာရဖြတ်ကျော် အဝေးပြေးလမ်းတွေ တစ်ခုပြီး တစ်ခု ဖောက်လုပ်နေကြပေမယ့် တကယ်တော့ ဒီလိုတည်ဆောက် ဖောက်လုပ်တာတွေဟာ လွယ်လင့်တကူတော့ မဟုတ်ပါဘူး။လေ့လာသူတွေရဲ့အဆိုအရ ကမ္ဘာပေါ်မှာဆိုရင် သဲကန္တာရကိုဖြတ်ပြီး လမ်းဖောက်လုပ်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေများစွာ ရှိနေကြတယ်လို့ဆိုပြီး အခြေခံအားဖြင့် ...

(၁) ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ၊
(၂) လမ်းဖောက်လုပ်ရေးအတွင်း ကတ္တရာလမ်း အလေးချိန်နဲ့ ဆောက်လုပ်ရေးအတွက် စက်ယန္တရားကြီးတွေ မောင်းနှင်လည်ပတ်ဖို့ အဆင်မပြေတဲ့ ခံနိုင်ဝန်နည်းပါးတဲ့ သဲမြေမျက်နှာသွင်ပြင် ပြဿနာနဲ့
အချက် (၃) အနေနဲ့ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အနီးနားမှာ အရင်းအမြစ်တွေနဲ့ အဆောက်အဦတွေ မရှိတဲ့ အချက်တွေဖြစ်ပါတယ်။

ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ခရီးဝေးကနေ သယ်ယူရမှာဖြစ်သလို လုပ်ငန်းစဉ်ကိုလည်း ကုန်ကျစရိတ်ပိုကာ နှောင့်နှေးကြန့်ကြာစေမှာလည်းဖြစ်ပါတယ်။ဒါ့အပြင် အနီးနားမှာ အဆောက်အဦတွေမရှိလို့ လုပ်သားတွေကိုထားရှိဖို့လည်း ပိုပြီးအခက်တွေ့စေမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုစိန်ခေါ်မှုတွေကြားမှာပဲ တရုတ်ကတော့ တာလီမခန်း (Taklamakan) သဲကန္တာရကိုဖြတ်ပြီး အဝေးပြေးလမ်းဖောက်တာ အခုဆို (၄) လမ်းမြောက် ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။တရုတ်ဟာ တာလီမခန်း (Taklamakan) သဲကန္တာရကို ဖြတ်ပြီး ဖောက်လုပ်တဲ့ ပထမဆုံး အဝေးပြေးလမ်းကို ၁၉၉၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။မြောက်မှ တောင်ကို ၅၂၂ ကီလိုမီတာ ရှည်လျားပြီး Lunan ကနေ Minfeng ခရိုင်အထိ ဆက်သွယ်ထားတာဖြစ်ပါတယ်။

အဲဒီနောက် ၄၂၄ ကီလိုမီတာအရှည်ရှိတဲ့ ဒုတိယလမ်းမကြီးကို ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ရှင်းကျန်းတောင်ဘက်ရှိ Hotan မြို့နဲ့ သဲကန္တာရရဲ့ မြောက်ဘက်စွန်းမှာရှိတဲ့ Aral မြို့သစ်ကို ချိတ်ဆက်ပေးတဲ့ လမ်းဖြစ်ပါတယ်။အဲဒီနောက် ၂၀၂၂ ခုနှစ်မှာတော့ တတိယမြောက် အဝေးပြေးလမ်းမသစ်ကို ပြေးဆွဲနိုင်ခဲ့ပြီး Yuli ကောင်တီနဲ့ Qiemo ကောင်တီကို ဆက်သွယ်ပေးတဲ့ လမ်းမကြီးဖြစ်ကာ စုစုပေါင်း အရှည် ၃၃၄ ကီလိုမီတာရှိပြီး သဲကန္တာရကိုတော့ ၃၀၇ ကီလိုမီတာအထိဖြတ်ပြီး ဖောက်လုပ်ထားတာဖြစ်ပါတယ်။ဒီလမ်းပိုင်းကို တည်ဆောက်ရာမှာ များစွာခက်ခဲခဲ့ပြီး အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေထဲက ကြမ်းတမ်းသော ရာသီဥတုအခြေအနေကို ရင်ဆိုင်ခဲ့ရပြီး သဲမုန်တိုင်းဒဏ်တွေကို အံတုခဲ့ကြရပါတယ်။

ဒါ့အပြင် ရေ၊ လျှပ်စစ်မီးရရှိမှု အားနည်းတာတွေ၊ ဆက်သွယ်ရေးအချက်ပြမှုနဲ့ နေ့စဉ်ထောက်ပံ့မှုတွေအတွက် သဲကန္တာရကိုဖြတ်ပြီး အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်ရာမှာ စိန်ခေါ်မှုတွေ့ကြုံခဲ့ရတယ်လို့ တရုတ်နိုင်ငံ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Wang Yunfei က ပြောခဲ့ဖူးပါတယ်။ဒါ့အပြင် ကုမ္ပဏီအနေနဲ့ အဝေးပြေးလမ်းမကြီး တည်ဆောက်မှုအတွင်း မြင့်မားလှတဲ့ သဲသောင်ခုံ ၃၂ ခုကို ဖြိုညှိခဲ့ရသလို နက်ရှိုင်းတဲ့ သဲချိုင့် ၂၈ ခုကိုလည်း ညှိယူခဲ့ရတယ်လို့ ဆိုပါတယ်။ဒီနေရာမှာ နည်းပညာပိုင်းအနေနဲ့ အဝေးပြေးလမ်းတွေကို သဲတွေဖုံးအုပ်မသွားဖို့ မြက်ခင်းတွေကိုလည်း စတုရန်းမီတာ ၅၈ သန်းအထိ ချမှတ်လုပ်ဆောင်ခဲ့ပြီး လမ်းတစ်လျှောက်မှာလည်း ကီလိုမီတာ ၉၀၀ ကျော်အထိ အကာအကွယ်တွေ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

ဒီလိုအတွေ့အကြုံတွေနဲ့အတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာတော့ တရုတ်ဟာ ၂၇၆ ကီလိုမီတာ ရှည်လျားတဲ့ (၄) ခုမြောက် ကန္တာရဖြစ်ကျော်လမ်းကို ထပ်မံတည်ဆောက် ပြီးစီးခဲ့ပါတယ်။ Tumxuk မြို့နဲ့ Kunyu မြို့ကို ဆက်သွယ်ထားတဲ့ ဒီအဝေးပြေးလမ်းတည်ဆောက်မှုမှာ ရာနဲ့ချီတဲ့ သဲသောင်၊ သဲတွင်းတွေကို ညှိယူခဲ့ရပြီး အမြင့်ဆုံး မီတာ ၂၀ နီးပါးရှိတဲ့ သဲသောင်တွေကို ဖြိုညှိခဲ့သလို အနက်ဆုံး ၁၆ မီတာအထိရှိတဲ့ သဲတွင်းတွေကိုလည်း ညှိပြီး လုပ်ဆောင်ခဲ့ရပါတယ်။ဒီနေရာမှာ အမြင့်ကွာခြားချက်အနေနဲ့ ၃၀ မီတာကျော်အထိရှိနေပြီး လမ်းမကြီးတစ်လျှောက်မှာလည်း သဲကန္တာရရဲ့ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေပါ ထည့်သွင်းလုပ်ဆောင်ခဲ့တာကို ဖော်ပြထားပါတယ်။

လေဒဏ်ကာကွယ်နိုင်ဖို့ သဲတွေကိုထိန်းပေးတဲ့ လေးထောင့်မျက်ခင်းတွေလည်း ခင်းကျင်းဖော်ဆောင်ခဲ့ကြပြီး တစ်ခါ Yarkant မြစ်ဝှမ်းက ၂.၈၈ ကီလိုမီတာ ရှည်လျားတဲ့ (Populus euphratic) သစ်တောဧရိယာကို ဖြတ်သန်းရာမှာလည်း သစ်တောဧရိယာကို ထိန်းသိမ်းဖို့ Yarkant တံတားတည်ဆောက် ဖြတ်သန်းခဲ့ပြီး သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်ကို ထိန်းသိမ်းခဲ့ပါတယ်။ဒီလိုခက်ခဲပြီး စနစ်ကျတဲ့ လမ်းမကြီးဖောက်လုပ်မှုအပြီးမှာတော့ ရှင်းကျန်းဒေသမှာရှိတဲ့ Tumxuk မြို့နဲ့ Kunyu မြို့အကြား အကွာဝေးကို ၆၀၀ ကီလိုမီတာကနေ ကီလိုမီတာ ၂၀၀ ကျော်အထိ တိုတောင်းစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ယာဉ်မောင်းနှင်သွားလာချိန်ကိုလည်း ၆ နာရီကျော်ကနေ ၃ နာရီဝန်းကျင်အထိ လျှော့ချနိုင်ခဲ့ပါတယ်။

တရုတ်ဟာ ဒီလိုခက်ခဲတဲ့ လမ်းပိုင်းတွေကို တည်ဆောက်ဖောက်လုပ်ပြီး ဒေသတွေကြား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း တရုတ်ရဲ့ တည်ဆောက်မှုအတွေ့အကြုံက အလျင်အမြန် ကျယ်ပြန့်လာတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မိုးသား