【 နိုင်ငံတကာဆောင်းပါး 】 အာရှရဲ့ “ငါး” ယဉ်ကျေးမှုနှင့် ပွဲတော်ဓလေ့များ

【 နိုင်ငံတကာဆောင်းပါး 】 အာရှရဲ့ “ငါး” ယဉ်ကျေးမှုနှင့် ပွဲတော်ဓလေ့များ

ဆောင်းရာသီဆိုရင် လူတွေက လှုပ်လှုပ်ရှားရှား အားကစားပွဲတွေနဲ့ နိုင်ငံအလိုက် တစ်မူထူးခြားတဲ့ ရိုးရာကစားနည်းတွေ၊ ပွဲတော်တွေကို နီးစပ်သလို ပြေးမြင်မိကြမှာဖြစ်ပါတယ်။ဒါပေမဲ့လည်း ဆောင်းရာသီစက်ဝန်းထဲမှာ အာရှနိုင်ငံတချို့မှာဆိုရင် ထူးထူးခြားခြား ငါးနဲ့ပတ်သက်တဲ့ ပွဲတော်တွေ၊ သတင်းတွေလည်းရှိနေခဲ့ပါတယ်။

ဆောင်းရာသီအတွင်း ငါးနဲ့ပတ်သက်ပြီး ပွဲတော်ဆင်နွှဲကြတဲ့ အာရှနိုင်ငံတွေထဲ တရုတ်၊တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာတော့ အစဉ်အဆက်ပြုလုပ်လေ့ရှိကြတဲ့ ရိုးရာငါးဖမ်းပွဲတော်တွေနဲ့ ငါးနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ ပွဲတွေ၊ သတင်းတွေ ရှိနေကြပါတယ်။

တရုတ်ဆိုရင် ငါးဖမ်းပွဲတော်တွေအနက် နှစ်စဉ် ၁၂ လပိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ချာကန်းရေကန် (Chagan Lake) ငါးဖမ်းပွဲဟာ ကြီးမားတဲ့ ငါးဖမ်းပွဲတော်တစ်ခုဖြစ်ပါတယ်။အခု ၂၀၂၄ ခုနှစ် ချာကန်းရေကန် (Chagan Lake) ဆောင်းရာသီငါးဖမ်းပွဲတော်ကို ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့ကြပါတယ်။

ငါးဖမ်းပွဲ ကျင်းပတဲ့ ချာကန်းရေကန်  (Chagan Lake) ဟာ ကျီလင်ပြည်နယ် (Jilin) ပြည်နယ်၊ စုန်းယွမ်မြို့ (Songyuan) မှာ တည်ရှိပြီးဒါဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေချိုကန်တွေထဲက တစ်ခုဖြစ်သလို ရေထွက်ကုန်အရင်းအမြစ်တွေပေါများတဲ့ ကန်ဖြစ်ပါတယ်။ဒီလို တစ်မူထူးခြားတဲ့ ဂေဟဗေဒနဲ့ ပထဝီပတ်ဝန်းကျင်ရှိနေလို့ ဒီနေရာမှာ ရှေးယခင်တည်းက ရေခဲအပေါက်ဖောက်ပြီး ငါးဖမ်းတဲ့ ထူးခြားတဲ့ ဓလေ့ထုံးတမ်းတွေရှိခဲ့ပါတယ်။နှစ်ပေါင်းရာထောင်ချီအတွင်းမှာ ရေခဲအပေါက်ဖောက်တာ၊ ပိုက်ကွန်ချတာ၊ မြင်းနဲ့ ငါးပိုက်ကွန်ဆွဲတာ စတဲ့ ရှေးဦးငါးဖမ်းနည်းတွေဟာ ဒီနေရာမှာ အစဉ်အဆက်တည်တံ့နေခဲ့ပြီး တစ်မူထူးခြားတဲ့ အံ့မခန်းဖွယ်မြင်ကွင်းတွေကို တွေ့မြင်ရတဲ့နေရာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ချာကန်းရေကန် (Chagan Lake) ရဲ့ ဆောင်းရာသီငါးဖမ်းပွဲမှာဆိုရင် ဖမ်းမိတဲ့ ငါးကြီးတွေကို ရောင်းချခဲ့ပြီး လူအုပ်ကြီးတွေက တန်းစီရွေးချယ်ခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ဟော်ပေပြည်နယ်၊ မန်ချူး-မွန်ဂိုလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာ  “မူလန်ဆောင်းရာသီ အမဲလိုက်ပွဲ” အစီအစဉ်တို့ကို မန်ချူး-မွန်ဂိုလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ လန်ချီခါလွန်မြို့နယ် (Lanqikalunxiang) ငါးဖမ်းမျှော်စင်ရေကန်မှာ ကျင်းပခဲ့ပါတယ်။ဒီနေရာမှာတော့ ဆောင်းရာသီ အမဲလိုက်ကွင်းမှာ ခရီးသွားတွေက ငါးစွပ်ပြုတ်သောက်သုံးတာ၊ ငါးဟင်းပွဲတော်သုံးဆောင်တာ၊ ငါးဦးငါးဖျား လေလံဆွဲတာတွေအပါအဝင် ငါးစျေးမှာလည်း လတ်ဆတ်တဲ့ ငါးတွေကို ရွေးချယ်ဝယ်ယူတာတွေ ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။အဓိကအားဖြင့် စိတ်ဝင်စားစရာအနေနဲ့ မန်ချူးလူမျိုး၊ မွန်ဂိုလူမျိုးတို့ရဲ့ ငါးဖမ်းအမဲလိုက်ယဉ်ကျေးမှုကို ခံစားနိုင်ပြီး ငါးဖမ်းခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားရရှိတယ်လို့ ဆိုကြပါတယ်။

ဆောင်းရာသီနဲ့ ငါးဖမ်းပွဲဟာ တရုတ်နိုင်ငံအပြင် တောင်ကိုရီးယားနိုင်ငံမှာလည်း ထင်ရှားတည်ရှိနေပါတယ်။အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ Gangwon-do ပြည်နယ်မှာ “၂၀၂၄ ခုနှစ် Hwacheon တောင် ထရောက် ငါးပွဲတော်” ကို Hwacheon ခရိုင်၊ Hwacheon-Gun က Hwacheon မြစ်မှာ ဖွင့်ပွဲ စတင်ကျင်းပခဲ့ပါတယ်။ပွဲရဲ့ ပထမနေ့မှာပဲ ဆောင်းရာသီရဲ့ ပျော်ရွှင်စရာပွဲတော်ကို လာရောက်ခံစားဖို့ အဆိုပါနေရာနဲ့ ကမ္ဘာတစ်ဝန်းက လာရောက်လည်ပတ်သူ တစ်သိန်းအထက်ကို လက်ခံရရှိခဲ့ပါတယ်။

ဒီပွဲတော်အတွင်းမှာတော့ မနက် ၉ နာရီ မတိုင်ခင်ကတည်းက အေးခဲနေတဲ့ Hwacheon ချောင်းဟာ ရာနဲ့ချီတဲ့ ဧည့်သည်တွေနဲ့ စည်ကားနေပြီး ဆောင်းတွင်းအင်္ကျီအထူကြီးတွေ ဝတ်ဆင်ထားတဲ့ ခရီးသွားတွေက အလွန်သန့်ရှင်းလတ်ဆတ်တဲ့ ရေမှာသာ ကျက်စားနေထိုင်တယ်လို့ သိကြတဲ့ Sancheoneo ငါးကို ဖမ်းဖို့ စုဝေးခဲ့ကြပါတယ်။

“၂၀၂၄ ခုနှစ် Hwacheon တောင် ထရောက် ငါးပွဲတော်” မှာတော့ ပါဝင်ဆင်နွှဲကြတဲ့ ခရီးသွားတွေက လက်ဗလာနဲ့ ငါးဖမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ထရောက် ငါးယဉ်ကျေးမှုပွဲတော်လည်း ကျင်းပလေ့ရှိပြီး ဂျင်ဆင်းနဲ့ ထရောက်ငါးတွေကို မြတ်နိုးတန်ဖိုးထားကြတယ်လို့  ဆိုပါတယ်။

အခြားတစ်ဖက်မှာတော့ ဂျပန်နိုင်ငံမှာလည်း နှစ်သစ်ကူး တူနာငါးလေလံပွဲတွေကို ကျင်းပမှုတွေရှိနေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ကဆိုရင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Toyosu ငါးစျေးကြီးမှာ လက်ကားရောင်းချ သူတွေနဲ့ ဝယ်သူတွေက နှစ်သစ်ရဲ့ ပထမဆုံး တူနာငါးလေလံပွဲကို စတင်ဆင်နွှဲခဲ့ကြပါတယ်။ဒီပွဲမှာတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊  ဂင်ဇာမြို့နယ်က Sushi Ginza Onodera ဆူရှီမူရင်းဆိုင်မှာ ၂၃၈ ကီလိုဂရမ်ရှိတဲ့ ဆူးတောင်ပြာ တူနာငါးကို ပြသခဲ့ပြီး ဒီတူနာငါးဟာ အဆိုပါနေ့ရဲ့ နံနက်စောစောအချိန်မှာပဲ ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး တူနာငါးလေလံပွဲမှာ အမေရိကန်ဒေါ်လာ ၇၈၈,၄၄၀ တန်ဖိုးနဲ့ ရောင်းချခဲ့ပါသေးတယ်။

မိုးသား