【 ရသ အက်ဆေး 】 တိမ်များ၊ စက္ကူပန်းများနှင့် ဘ၀များ

【 ရသ အက်ဆေး 】 တိမ်များ၊ စက္ကူပန်းများနှင့် ဘ၀များ

တိမ်များအကြောင်း ကျနော်မသိတာတွေများသည်။
 
ကောင်းကင်ပေါ်က တိမ်များထက် ငှက်များ၏အ ကြောင်းကသာ ကျနော့်စိတ်ကို ပိုဖမ်းစားသည်။ယခုလို ဆောင်းနေ့များတွင် နေ့တာတိုလာလေ ငှက်များကို တွေ့နိုင်ဖို့ အခွင့်အလမ်းနည်းလာသည့်အခါ ကျနော့်ပြတင်းပေါက်မြင်ကွင်းတွင် ငှက်များအစား သစ်ပင်များ၊ တိမ်များသာ တွေ့လာရသည်။ကောင်းကင်တွင် တိမ်များသာရှိသောအခါ အရာရာသည် ပုံသေပန်းချီကားတစ်ချပ် ကြည့်နေရသလို လှပနေတတ်သလို တစ်ခါတရံ တိမ်မရှိသော အပြာစင်စင်သည်လည်း ညွှတ်နူးဖွယ်ဖြစ်သည်။
 
                                                          (၁)
 
တချို့သောနေ့များတွင် တိမ်များကင်းစင်ခြင်းက ကျနော်ကို ပါးလျသော စိုးရိမ်စိတ်ဖြစ်ပေါ်စေသည်။ထိုသည်မှာ ဟိုးဘက်အဝေး တောင်များတိမ်များ၏အစွန်းတွင် ရှိတတ်သော အကာကွယ်မဲ့သူတို့အတွက် စိုးရိမ်မှုပင်ဖြစ်သည်။
 
ကောင်းမွန်သော ရာသီဥတုသည် ပင်လယ်ထဲ ခရီးနှင်နေရသူများအတွက် ကောင်းမွန်နိုင်သော်လည်း လူလုပ်ဘေးကို ရင်ဆိုင်နေရသူများအတွက်မူ အန္တရာယ်ပင်ဖြစ်သည်။တိမ်များသည် တောင်များတွင် ခရီးလမ်းသွားနေသူများအတွက် ဘေးဖြစ်နိုင်သော်လည်း တစ်စုံတစ်ခုဘေးမှ ပုန်းကွယ်နေရသူများအတွက်မူ လုံလောက်သော ကာကွယ်မှုကို ဖြစ်စေသည်။
 
တကယ်တော့ တိမ်များသည် ကျနော်တို့ရောက်ရှိနေသည့် နေရာဒေသပေါ် မူတည်ပြီး တိမ်များပေါ် ယူဆချက်များသည် ပြောင်းလဲမှုများရှိနေခြင်းပင်ဖြစ်သည်။
 
                                                          (၂)
 
နေသာသော နေ့များတွင် ကျောင်းတက်ရသည်ကို ကျနော်ကြောက်သည်။ကျနော့်အိမ်နှင့် ကျောင်းမှာ ခပ်လှမ်းလှမ်း ဝေးသည်။သို့သော် မြို့ပြဖြစ်သဖြင့် လမ်းများသည် လူအသွားအလာမပြတ်သော်လည်း နွေရာသီလို ပူပြင်းသော နေ့လယ်ဘက်ဆို အရာရာသည် လူသံသူသံနှင့် အခြားသံများတိတ်ဆိတ်ကာ ပတ်ဝန်းကျင်ခြောက်ကပ်နေတတ်သည်။လမ်းဘေးအရိပ်တချို့အောက်တွင် ခွေးတစ်ကောင်တစ်လေ ငိုက်မြည်းနေတတ်သည်။ကျနော့်လွယ်အိတ်ထဲတွင် အမြဲလိုလို ကျောက်ခဲများပါသည်။ခွေးများကို ထုရန်နှင့် ကျနော့်ကိုယ်ကျနော် ကာကွယ်ရန်ဖြစ်သည်။သို့သော် ထိုရန်များအတွက် မသုံးရသည့်အခါ ထိုကျောက်ခဲများသည် ကျောင်းနားမှ ရေကန်နှင့် စက္ကူပန်းရုံကို ပစ်ရန် ဖြစ်သွားသည်။
 
ကျောင်းသွားရာလမ်းသည် အပင်များကြဲပါးသည်။အပင်များအစား အိမ်အချို့၏ ခြံစည်းရိုးမဲ့ မြေကွက်လပ်များရှိသည်။တချို့အိမ်ဝင်းများတွင် ကြာဇံဖက်လှမ်းစင်များ အတော်များများရှိသည်။နေပူပူတွင် လေပူပူများ တိုက်သည့်အခါ ထိုနေရာမှာ ချဉ်အဲ့အဲ့အနံ့ လာတတ်သဖြင့် ခပ်သုတ်သုတ်လျှောက်ရသည်။ထိုအချိန်မျိုးတွင် ကတ္တရာလမ်းသည် နွေရာသီအပူကြောင့် အရည်ပျော်နေတတ်သဖြင့် ကျောင်းသွားရသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။အပေါ်ပူ၊အောက်ပူနှင့် လေပူထဲက ချဉ်အဲ့အဲ့အနံ့သည် ငယ်ဘ၀ ကျောင်းသားဘ၀၏ အမှတ်သင်္ကေတ ဖြစ်သည်။
 
ကျောင်းတက်ရခြင်းသည် ငယ်ဘ၀၏ စိတ်ပျက်စရာများဖြစ်သည်။ကျောင်းတက်ခြင်းကို ဘယ်သူကများ စခဲ့သလဲဆိုသည်မှာ ကျနော်အမြဲတွေးမိသော အကြောင်းအရာဖြစ်သည်။စာသင်ခြင်းသည် ဘယ်အရွယ်တွင်စပြီး ဘယ်အရွယ်တွင် အဆုံးသတ်သည်လဲဆိုသည်မှာ ကျောင်းသားဘ၀တစ်လျှောက် အမြဲတွေးနေမိသော အရာများဖြစ်သည်။သင်ကြားခြင်းသည် မသေမချင်းဆိုသည်ကို ကျနော်သိသောအခါ သေမိန့်ချမှတ်ခံရသူလို ကျနော့်ငယ်ဘ၀ မျှော်လင့်ချက်များ ပြိုကျသွားသည်။ယခုပြန်တွေးကြည့်တော့ ထိုအတွေးသည် ရယ်စရာ။သို့သော် ကျောင်းပိတ်တတ်သည့် နွေရာသီကိုတော့ ကျနော်မမုန်းတတ်။ဘာကြောင့်ဆို ကျောင်းထိပ် စက္ကူပင်အောက်ရှိရေခဲသုတ်ဆိုင်သည် နွေရာသီတွင်သာ ဖွင့်တတ်ပြီး ကျနော်သဘောကျသော မိန်းမတစ်ယောက်သည်လည်း နွေရာသီတွင် သူမအိမ်သို့ ထိုစက္ကူပင်အောက်က အိမ်သို့ ပြန်လာတတ်ခြင်းကြောင့်ဖြစ်သည်။ 
 
                                                          (၃)
 
လူများက တိမ်များကို ပြောင်းလဲမှုများ၊ မသေချာမရေရာမှုများနှင့် ဘဝ၏ ယာယီသဘောသဘာဝကို ကိုယ်စားပြုပြီး အဓိပ္ပါယ်ဖွင့်ကြသည်။တကယ်တမ်းတွင် တိမ်များအစား မသေချာ မရေရာမှုများသည်သာ ဘဝ၏ သဘာဝအစိတ်အပိုင်းတစ်ခုအဖြစ် ထင်ရှားလာလေလေဖြစ်လာသည်။
 
တချို့သောအရာများသည် စိတ်တွင် လျင်မြန်စွာမေ့ပျောက်သွားတတ်သည်။ထိုထဲတွင် မပျောက်တတ်သည်က ငယ်စဉ်အကြောင်းအရာများနှင့် အမှတ်ရစရာများဖြစ်သည်။မိုးမရွာခင် တိမ်များနှင့် အတူပြေးခဲ့ရသော နေ့ရက်များနှင့် မိုးတိမ်များကို သံပြတင်းပေါက်တိုင်ကြားက ကြည့်ကာ တိမ်နှင့်အတူ စိတ်ကိုနှင်ခွင့်ရသော ငယ် ဘ၀အချိန်များသည် ယခုပြန်တွေးကြည့်တော့ ပြန်လိုချင်စရာ အချိန်တွေဖြစ်သည်။သို့သော် ထိုသို့သော နေ့များသည် ပူပြင်းခြောက်သွေ့သော နွေနေ့မျိုးတွင် လေပူများနှင့်အတူ စက္ကူပန်းများ ကြွေနေသလို လိုက်ကောက်၍ မဖြစ်နိုင်လောက်အောင် ဝေးကွာစွာကျန်ခဲ့ပြီဖြစ်သည်။
 
ကျနော်နေသည့် တိုက်ခန်း၏ အစွန်းတစ်ဘက်တွင် ဘေးအခန်းမှ စိုက်ထားသည့် စက္ကူပန်းများက နေရာယူထားသည်။ခြောက်လွှာတွင် စိုက်ထားသည့် ထိုပန်းများသည် ဖြူဖျော့ဖျော့ တိုက်၀ရံတာအရောင်အောက်ခံတွင် ပန်းချီကားတစ်ချပ်လို။လေပြင်းတစ်ချက်တစ်ချက် အတိုက်တွင် စက္ကူပန်းများသည် စုတ်တံဖြင့် ခပ်သွက်သွက် ရေးခြယ်သလို အနီ၊ ခရမ်း၊ အဝါ၊ အဖြူဖြင့် လေ၏တိမ်းညွှတ်ရာအတိုင်း ယိမ်းနွဲ့နေတတ်သည်။စက္ကူပန်းများ၏ အနံ့အသက်ကင်းခြင်းကို ကျနော်ကြိုက်နှစ်သက်သည်။ရှိမှန်း မသိရသည့် ပါးလှပ်သော အထိအတွေ့ကို ကျနော်နှစ်သက်သည်။ဘာအနံ့အသက်မှ မရှိခြင်းသည် ဘ၀၏ အကောင်းဆုံးရနံ့ဟု ကျနော်ထင်သည်။ 
 
ကျနော်အခန်းမှ တစ်ခါတရံ စက္ကူပန်းရောင်စုံများကို ကြည့်မိသည့်အခါတိုင်း အရာရာသည် ဆုပ်ကိုင်မရသလို လျော့တိလျော့ရဲ ခံစားမှုမျိုးခံစားရသည်။
 
                                                          (၄)
 
ကျနော့်ဘ၀တွင် စက္ကူပန်းများနှင့်တွဲကာ အမှတ်ရစရာများစွာရှိခဲ့သည်။ငယ်စဉ် ကလေးဘ၀က ထိုစက္ကူပင်အောက် တစ်ခုသော နေ့လယ်ခင်းတွင် ရေခဲခြစ်တစ်ချောင်း အနိုင်ကျင့် အလုခံရဖူးသည်။ထိုစက္ကူပင်အောက် တစ်ခုသော ညနေခင်းတွင် မိန်းမတစ်ယောက်၏ လမ်းခွဲပစ်ပယ်ခြင်းကို ကျနော်ခံခဲ့ရဖူးသည်။ထိုစက္ကူပင်အောက် သူငယ်ချင်းအချို့ ကျနော်ကို  ခွဲခွာခဲ့ဖူးသည်။ထိုစက္ကူပင်များအောက် ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရဖူးသည်။ထိုစက္ကူပင်များအောက် မျှော်လင့်ချက်များစွာ ဆုံးရှုံးခဲ့ရသည်။ထို့သို့သောနေ့များ ယခုပြန်စဉ်းစားကြည့်သောအခါ လေမတိုက်သည်နေ့များလို အမြဲတမ်း အသက်ရှုကျပ်စေခဲ့သည်။
 
ဘ၀များသည် ရေအလျဉ်အတိုင်း လျင်မြန်စွာစီးဆင်းနေကြောင်း ဆိုကြလေသည်။တချို့ဘ၀များက ကမ်းစပ်တွင် လှိုင်းရိုက်လို့ တင်သလို တည်ငြိမ်စွာရှိနေပြီး တချို့ဘ၀များက လှိုင်းလုံးများလို တလိမ့်လိမ့်ဖြင့် လှိုင်းထိပ်ရောက်လိုက်၊ လှိုင်းအောက်ရောက်လိုက်ဖြင့် မတည်ငြိမ်။
 
ဘ၀များသည် စက္ကူပန်းများကြွေသလို လေနှင်ရာအတိုင်း ရောက်ရာပေါက်ရာ လွင့်ကြရသည်။တိမ်များသည်လည်း ထိုနည်းအတိုင်း။အရာရာသည့် မနေ့ကအတိုင်း ဘယ်သောအခါမှ ပြန်မဖြစ်လာခဲ့။
 
တစ်ခါလေတော့ မနက်ဖြန်များသည် မနေ့ကအတိုင်း ပြန်ဖြစ်လာလိမ့်မည်ဟု မိုက်မဲစွာ ကျနော်တို့ မျှော်လင့်နေတတ်ကြလေသည်။
 
လင်းနိုင်ကျော်စိုး