【 ရသ အက်ဆေး 】 နေကြာရိုင်းများ

【 ရသ အက်ဆေး 】 နေကြာရိုင်းများ

တောင်များ၏ ဟိုဘက်ခြမ်းတွင် နေကြာရိုင်းများစွာရှိသည်။သို့သော် ပန်းရိုင်းများထဲ ဘယ်သူမှရှိသည် မဟုတ်ခဲ့။တောလမ်းများအတိုင်း ပန်းရိုင်းများရှိရာ အရပ်သည် အမြဲတမ်း တိတ်ဆိတ်စွာ။မနက်နှင့် ညသည် တစ်ခါတရံ ထိုအရပ်တွင် တစ်သားတည်း။ဆိတ်ငြိမ်သော လေထဲ နေကြာရိုင်းများ၏ရနံ့က အထင်းသား။
 
                                                                  (၁)
 
တစ်ခါတလေ တောင်များရှိရာ အရပ်သည် ကျနော်တို့ရှိရာအရပ်နှင့် များစွာ ဝေးကွာနေခဲ့သည်။တစ်ခါတရံတွင်မူ နီးမလိုလိုနှင့် သာ၍ ဝေးရာဆီ။သို့သော် နွေဦးရောက်လာသည့်အခါ တောင်များမှ ပျံ့လာသော နွေဦးရနံ့ထဲတွင် နေကြာရိုင်းများ၏ ရနံ့များ ပါလာသည်။ထိုအခါ ကျနော်တစ်ယောက် ပန်းရိုင်းများရှိရာ တောင်တန်းများနှင့် တောလမ်းများဆီသို့ စိတ်ဖြင့် ကြိမ်ဖန်များစွာ ..။
 
တိတ်ဆိတ်သည့် ညများထဲ နေကြာရိုင်းများ၏ ညရှုခင်းကိုကြည့်ဖို့ ကြိမ်ဖန်များစွာ အားထုတ်မိသည်။သို့သော် တောင်ရိုးပေါ်တွင် နေကြာရိုင်းများသည် ဘာသိဘာသာ တိတ်ဆိတ်စွာဖြင့် ထီးတည်းနေတတ်သည့်အခါ ထိုအတိုင်း စီးမျောသည်က စိတ်ငြိမ်းချမ်းရာဖြစ်လေသည်။တောလမ်းများတွင် အဝါရောင်အစပျောက်များ စစွန်း ထင်းလာသည့်အခါ နွေဦးကို ကျနော်တို့ မြင်ရပြီဖြစ်သည်။စိမ်းဖန့်ဖန့်အရောင်မှသည် ရော်ရွက်တို့ဖြင့် လွင်ပြင်ကျယ်သည် ဝါဖျော့ဖျော့။နွေဦးတွင် မြက်တို့ နွမ်းဖျားပြိုလဲသည့်အခါ နေကြာရိုင်းများသည် အပြိုင်းအရိုင်းဖြင့် တောလမ်းနှင့် လွင်ပြင်ကြယ်ကို အားသစ်ဆင်ကာ အဝါတောက်တောက်ဖြင့် လွှမ်းခြုံလိုက်သည်။နွေဦးသည် အဝါရောင်ဖြင့် စခဲ့သည်။သို့သော် အဝါရောင်ထဲတွင် တချို့နေကြာများက အနီရောင်ဘက် သမ်းလျက်။ရဲရင့်မှုသည် နေကြာရိုင်းများထဲ အထင်းသားတွေ့ရသည်။သို့သော် ပြန်မလာနိုင်သည့် အရာများအတွက် နွေဦးသည် စောင့်မျှော်မပျက်ခဲ့။ထိုသည်ကို နေကြာရိုင်းများရှိရာ အရပ်တွင် မြင်ရမည်ဖြစ်သည်။
 
                                                                  (၂)
 
ရန်ကုန်သည် နေကြာရိုင်းများအတွက်တော့ ပစ္စန္တရစ်။သဘာ၀အတိုင်း လှပနေမှုသည် ရန်ကုန်လို မြို့ပြအရပ်တွင် သူစိမ်းဆန်လွန်းလှသည်။နီစွေးစွေး မြို့ပြလမ်းများသည် သဘာ၀ကင်းမဲ့ကာ ခိုကိုးရာမဲ့များဖြင့် ပြည့်နှမ်းနေသည်။ညဘက်ဆို အရောင်တလက်လက်ဖြင့်။မှတ်တိုင်များ၊ ဘူတာများနှင့် သင်္ဘောဆိပ်များသည် ယာယီခိုနားရာ။တိတ်ဆိတ်ခြင်းက မြို့ကြီးပြကြီးများကို ကြီးစိုးသည်အခါ စိတ်ခြောက်ခြားဖွယ်ရာအထိ ဖြစ်သွားလေသည်။တောင်များတောင်များနှင့် လွင်ပြင်များတွင်မူ တိတ်ဆိတ်ခြင်းနှင့်အတူ ဖြတ်သန်းတိုက်ခတ်လာသော လေများနှင့် သစ်ရွတ်များ ထိတွေ့ခတ်မှုများသည် သံစဉ်များဖြစ်လာသည်။ထိုအခါ နွေဦးနှင့်အတူ ပါလာသည့် နေကြာရိုင်းများက လမ်းများတွင် ကခုန်မြူးထူးစွာ။
 
လမ်းများသည် တစ်ခုသောအရပ်ဆီ ဦးတည်ခဲ့သည်။တချို့က လမ်းတစ်ဝက်မှာ။တချို့ကတော့ လမ်းခုလတ်မှာ။တချို့ကတော့ မရောက်သော်လည်း ရောက်ရန် အားစိုက်ရင်း တချို့သောလမ်းများအတွက်တော့ အရှိန်ဖြစ်စေခဲ့သည်။ကာလကြာသည့်အခါ ဘယ်သို့သော လမ်းများကမှ သူတို့ဦးတည်ရာအရပ်အတွက် အချည်းနှီးမဖြစ်ခဲ့သည်ကို စိတ်အမြင်ဖြင့် မြင်ရမည်ဖြစ်လေသည်။
 
တောလမ်းများကို မြို့ပြသို့ ရွေ့လာကြည့်သည့်အခါ အရာရာသည် အသစ်အတိုင်း။လေထဲတွင် နေကြာရိုင်းများ၏ ရနံ့က အထင်းသား။လမ်းများသည် အဝါရောင်။နေသည် စူးစူးရဲရဲ။နေ၏ အလင်းပွင့်မှုသည် ဉာဏ်အကြည်ကိုကျော်ကာ တခြားသော နယ်ပယ်ဆီသို့ထိတိုင် သွားသည်။မတွေ့ဖြစ်သော အရာများ၊ ကုန်လွန်ခဲ့သော နေ့ ရက်များ၊ ပြန်မရသော ချစ်ခြင်းတရားများနှင့် ဆုံးရှုံးခဲ့သော ချစ်ရသောသူများက ထိုနေရာ ထိုအရပ်မှာ။
 
သို့သော် ကျနော်တို့စိတ်သိမှတ်ဉာဏ်သည် ယခုအခါ ဒဏ်ရာအနာတရများဖြင့် နာကျင်စွာ။တဆတ်ဆတ်တုံကာအော်နေရင်း နေကြာရိုင်းများ၏ အသက်ဆက်မှုကို ထုံကူးခဲ့ကြလေသည်။
 
                                                                  (၃)
 
မရှိသော အရာများကို ကျနော်တို့ မတမ်းတမိသည်မှာ ကြာပြီ။ကုတင်များ၊ အရံသင့်မနက်စာများ၊ ပူနွေးသော ညစာများ။ကြိုသူရှိသော ညနေခင်းများ။မနက်ဖြန်များထဲ ဘယ်အရာကိုမှ ကျနော်တို့ မမျှော်လင့်ခဲ့တော့။သို့သော် တောလမ်းများတစ်လျှောက် ပွင့်နေသော နေကြာရိုင်းများနှင့် ပွင့်နေချိန်တွင် ပူနွေးသောလေထဲရှိနေသည့် အရိုင်းဆန်သော ရနံ့။လေများသည် တောင်များဆီမှ မြေပြန့်ဆီ။ထိုမှတစ်ဆင့် ပင်လယ်။ပင်လယ်မှ မြေပြန့်၊ မြေပြန့်မှတစ်ဖန် တောင်များဆီ။အစုန်အဆန်သဘာ၀သည် ကျနော်တို့အတွက် မရိုးနိုင်သော အရာတွေ။ထိုအရာများကို ဘယ်လိုတားဆီးမည်နည်းဆိုသည်ထက် ဘယ်လိုစုန်ဆင်း ဆန်တက်ကြသလဲဆိုသည်က ကျနော်တို့အတွက် စိတ်ဝင်စားစရာ။
 
နေကြာရိုင်းများက နွေဦးနှင်အတူ တောများတောင်များနှင့် လွင်ပြင်များမှ လေနှင့်အတူ စုန်ဆင်းကာ..။
 
အရာရာသည် လွမ်းဆွတ်တမ်းတစရာ…….။ 
 
လင်းနိုင်ကျော်စိုး