【 ဆောင်းပါး 】 စားဖိုဆောင်သီးနှံထဲက မရှိမဖြစ် ငရုတ်သီးဈေးကွက်

【 ဆောင်းပါး 】 စားဖိုဆောင်သီးနှံထဲက မရှိမဖြစ် ငရုတ်သီးဈေးကွက်

ငရုတ်သီးသည် စားဖွယ်ဟင်းလျာများတွင် မပါမဖြစ် သီးနှံတစ်မျိုးဖြစ်သည်။

ငရုတ်သီးကို အစိမ်းတောင့်တစ်မျိုး၊ ငရုတ်သီးခြောက်တစ်မျိုး၊ အမှုန့်တစ်မျိုး၊ ပုံစံအမျိုးမျိုးနှင့် လူကြီး၊ လူငယ် တော်တော်များများ စားသုံးကြသည်။ဟင်းလျာများတွင် အရောင်လှပစေရန်အတွက် အမှုန့်ကြိတ်ပြီး အရောင်တင်မှုန့်အဖြစ် အသုံးပြုကြသည်။

တိုင်းရင်းသားရိုးရာ အစားအစာများတွင် ထူးထူးကဲကဲ ငရုတ်သီးအရသာဖြင့် လူတော်တော်များများ ကြိုက်နှစ်သက်ကြသလို ပြည်တွင်းမှာ စားသုံးနေသည့်  တရုတ်၊ ထိုင်း၊ ကိုရီယား အစားအစာအချို့၏ ငရုတ်သီးအရသာများကလည်း အလွန်ပဲကြိုက်နှစ်သက်ဖွယ်ကောင်းပါသည်။  

ငရုတ်သီးကို အစိမ်းစားသုံးရန်အတွက် ငရုတ်စိုအနေဖြင့် ထုတ်လုပ်ရောင်းချကြသကဲ့သို့ ငရုတ်ခြောက်လှန်းကာ အကြမ်းမှုန့်နှင့် အရောင်တင်မှုန့်များ ပြုလုပ်ရန်အတွက် ငရုတ်ခြောက်အဖြစ် ရင့်မှည့်သည်အထိထားပြီး ခူးဆွတ် ထုတ်လုပ်ရောင်းချကြသည်။

ငရုတ်သီးကို ပြည်တွင်းမှာ မပါမဖြစ် အဓိကဆိုသလိုပင် စားသောက်ကြရုံပင်မက ဒေသအသီးသီးကထွက်ရှိသည့် ငရုတ်သီးကို ပြည်ပပို့ကုန်အဖြစ်လည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံများသို့ တင်ပို့သည်။

မြန်မာနိုင်ငံတွင် ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သာတ၊ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပုပ္ပါး၊ မြစ်သားဒေသအနီးတဝိုက် မြို့များ၊ မကွေးတိုင်းဒေသကြီးတွင် နတ်မောက်အနီးတဝိုက်၊ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဒေသတော်တော်များများတွင် စိုက်ပျိုးကြသည်။

ပြည်တွင်း၌ ဒေသတော်တော်များများ ငရုတ်သီးစိုက်ပျိုးထုတ်လုပ်ကြ၍ တစ်နှစ်ပတ်လုံးထွက်ရှိနေသော်လည်း ဈေးကွက်အတက်အကျက ငရုတ်သီးပေါ်ချိန်ကာလအလိုက် ပြောင်းလဲနေသည်။

ဇူလိုင်လအတွင်း ငရုတ်သီးဈေးကွက်မှာ ကိုင်းတန်းဈေးကုန်စည်ဒိုင်၏ စာရင်းအရ တစ်ပိဿာလျှင် ငရုတ်စို (အရှည်) အမြင့်ဈေး ၁၂,၀၀၀ ကျပ်၊  ငရုတ်စို (အပွ) တစ်ပိဿာလျှင် အမြင့်ဈေး ၁၂,၅၀၀ ကျပ်၊ ငရုတ်စို (ပီနန်) အမြင့်ဈေး တစ်ပိဿာ ၃၀,၀၀၀ ကျပ်၊ ငရုတ်ခြောက်အရှည် အမြင့်ဈေး တစ်ပိဿာ ၂၈,၀၀၀ ကျပ်၊ ငရုတ်ခြောက်အပွ အမြင့်ဈေး တစ်ပိဿာ ၃၅,၀၀၀ ကျပ်ရှိပြီး ဈေးကွက်အနေအထားမှာ ယခင်ထက် မြင့်တက်နေသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံဘက်မှ ငရုတ်သီးခြောက် ဝယ်လိုအားကောင်းခဲ့သည်ဟု မြန်မာနိုင်ငံငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ယခုနှစ်မှာလည်း ပြည်ပတင်ပို့သည့် ငရုတ်သီးဈေးကွက် ကောင်းမွန်နေသဖြင့် ဈေးကောင်းရရှိမည်ဟု ဧရာဝတီတိုင်းမှ ငရုတ်စိုက်တောင်သူများက  ခန့်မှန်းကြသည်။

ငရုတ်တွင် အမျိုးအစားမျိုးစုံရှိသည့်အတွက် ပြည်ပဝယ်လက်များရှိသည့် ငရုတ်များကို ပိုမိုစိုက်ပျိုးပါက တောင်သူများအတွက် အကျိုးရှိမည်ဟု ခန့်မှန်းထားပြီး ပြောင်းစိုက်တောင်သူအချို့မှ ငရုတ်စိုက်ပျိုးမှုရှိလာသည်ဟု ငရုတ်စိုက်တောင်သူများက ပြောသည်။

ငရုတ်သီးကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဖြစ်သို့ တင်ပို့ကြရာတွင် အခြားနိုင်ငံများနှင့်ယှဉ်ပါက အရည်အသွေးစံချိန်မှီရန် လိုအပ်နေ၍ ဈေးကွက်အားသာချက် လိုအပ်နေသေးသည်။

ဗီယက်နမ်နိုင်ငံသည် ငရုတ်သီးစိုက်ပျိုးမှု အားကောင်း၍ ဈေးကွက်ကြီးမားသည်။ပြည်တွင်း၌ ထွက်ရှိသည့် ငရုတ်သီးအများစု၏ စံချိန်စံညွှန်းပြည့်မှီရန် လိုအပ်နေခြင်းမှာ မြေ၊ ရေ၊ ရာသီဥတုကလည်း အရေးပါသကဲ့သို့ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးနည်းစနစ် အစရှိသည့် အကြောင်းရင်းအမျိုးမျိုးလည်းရှိနေပါသည်။

ငရုတ်စိုက်ပျိုးရာတွင် မြေချဉ်ငံဓာတ် (၅ ဒသမ ၅) နှင့် (၆ ဒသမ ၈) ကြားတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ချဉ်လွန်းသောမြေတွင် စိုက်ပျိုးရန် မသင့်တော်ဘဲ သဲဆန်သောမြေနှင့် မြေဆွေးမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။နေရောင်ကိုကြိုက်၍ အပူကိုကြိုက်သော အသီးဖြစ်သဖြင့် နေရောင်ကောင်းစွာရရှိရန် လိုအပ်ပါသည်။နေရောင်ခြည်ကောင်းစွာရရှိခြင်းနှင့် နေ့အပူချိန်မြင့်မားစွာရရှိခြင်းသည် အထွက်နှုန်းကို တိုးတက်စေသည်။ရေသွင်းရေထုတ် ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်လျှင် တစ်နှစ်ပတ်လုံး ဖြစ်ထွန်းသော သီးနှံဖြစ်သည်။

ငရုတ်သီးတွင် မှိုရောဂါ (အဖရာတော့ဆင်-ဘီဝမ်း) အများဆုံးပါဝင်နိုင်သည့် သီးနှံတစ်မျိုးဖြစ်သည့်အတွက် မှိုဆိပ်မပါဝင်စေရန် စိုက်ပျိုးရေးအလေ့အကျင့်ကောင်း(ဂျီအေပီ) နည်းပညာပေးများကို ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များက ဆောင်ရွက်နေသည်ဟု သိရသည်။

တရုတ်နိုင်ငံမှ ငရုတ်သီးခြောက် (အနီ) ကို ပိုမိုနှစ်သက်ကြသည်ကို တွေ့ရှိရသည်။ယင်းပြည်နယ်၏ ကျေးလက်ဒေသများတွင် ငရုတ်သီးအနီများကို စိုက်ပျိုးမှု ပိုများသည်။တရုတ်နိုင်ငံသည် မြန်မာအပြင် ပါကစ္စတန်၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှလည်း ငရုတ်သီးများကို ဝယ်ယူလျက်ရှိသည်။

ပြည်ပပို့လယ်ယာထွက်ကုန်တင်ပို့မှုများတွင် မီးဖိုဆောင် ငရုတ်သီးလည်း အပါအဝင်ဖြစ်လာသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မေလအထိ နယ်စပ်မှ လယ်ယာထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၄၃၅ သန်းကျော်ရှိသဖြင့် လယ်ယာထွက်ကုန်များထဲမှ တစ်ခုဖြစ်သည့် မြန်မာ့ငရုတ်သီးဈေးကွက်သည် ပြည်ပဝယ်လိုအား မြင့်တက်နိုင်ချေရှိနေပါသည်။

အမွန်