【နိုင်ငံတကာဆောင်းပါး】ပြန်လည်နိုးထလာသော ပင်လယ်ကူးအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း

【နိုင်ငံတကာဆောင်းပါး】ပြန်လည်နိုးထလာသော ပင်လယ်ကူးအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း

ပင်လယ်ကူးအပျော်စီးခရီးသွားလုပ်ငန်းများသည် တစ်နှစ်လျှင် ဒေါ်လာဘီလီယံပေါင်းများစွာဝင်သော လုပ်ငန်း တစ်ခုဖြစ်သည်။ ယင်းလုပ်ငန်းသည် ကိုဗစ်-၁၉ ကာလတွင် ရပ်နားထားခဲ့ကြရသည်။ 

လေ့လာစူးစမ်းလိုပြီး အပန်းဖြေအနားယူလိုသူများအတွက် အပျော်စီးသင်္ဘောများသည် ၂၀ ရာစုအစော ပိုင်း ကတည်းက ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သည်။ ရေခဲတုံးကြီးများကို တိုက်မိ၍ နစ်မြုပ်ခဲ့ရသည့် Titanic အပျော်စီး သင်္ဘော၏ ဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် ယနေ့တိုင် နာမည်ကြီးနေဆဲဖြစ်သည်။

ပင်လယ်ကူးအပျော်စီးသင်္ဘောများသည် များသောအားဖြင့် ခရီးသည်များအား စထွက်ရာ ဆိပ်ကမ်းသို့ ပြန်လည် ပို့ဆောင်သည့် round trip စနစ်ဖြင့် ခရီးစဉ်များရှိသလို တစ်နေရာမှ အခြားတစ်နေရာသို့ ပို့ဆောင်ပေး သည့် ခရီးစဉ်များလည်းရှိပါသည်။ အချို့ခရီးစဉ်များသည် လပေါင်းများစွာ ကြာမြင့်တတ်သည်။

ယနေ့ခေတ် ပင်လယ်ကူးအပျော်စီးသင်္ဘောများသည် အပန်းဖြေခရီးထွက်သူများအတွက် ရေပေါ်ဟိုတယ် များအဖြစ် ဆောင်ရွက်သည့် သင်္ဘောကြီးများဖြစ်သည်။ အပျော်စီးသင်္ဘောများတွင် စားသောက်ဆိုင်များ၊ ဈေးဝယ် စင်တာများ၊ ရေကူးကန်များ၊ ရေပူစမ်းများ၊ကာစီနိုများ၊ ဘားများ၊ ရှိုးပွဲများ၊ပါတီများနှင့် ရုပ်ရှင်ရုံများ ပါဝင်သည်။

အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းသည် အထူးသဖြင့် လေထုနှင့် ရေထုညစ်ညမ်းမှု သင်္ဘောကြီးများမှ ထွက်ရှိသော အမှိုက်များကို စွန့်ပစ်ခြင်းနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ တော့ရှိ သည်။ အပျော်စီးသင်္ဘောများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန် အာရုံစိုက်လာခဲ့ သည်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာက အပျော်စီးသင်္ဘောခရီးစဉ်လက်မှတ် ရောင်းချခြင်းများ ပြန်လည် ပေါ် ပေါက်လာသည်။ Mediterranea ပင်လယ်ကူးအပျော်စီးသင်္ဘောကြီးသည် တရုတ်နိုင်ငံ(မြောက်ပိုင်း) ထျန်း ကျင်းမြို့ မှနေ၍ စက်တင်ဘာ ၃၀တွင် စတင်ထွက်ခွာလာခဲ့သည်။ ၎င်းသင်္ဘောသည် ဂျပန်နိုင်ငံ ဆာဆယ်ဘိုမြို့ နှင့် ဖူကူအိုကာမြို့သို့ ခရီးစဉ်ဦးတည်ထားသည်။

Mediterranea ပင်လယ်ကူးအပျော်စီးသင်္ဘောကြီးတွင် ခရီးသည် ၂၅၀၀ ကျော် လိုက်ပါသွားပြီး ခရီး အရှည် လေးနေရာကို မောင်းနှင်းမည်ဖြစ်သည်ဟု သိရသည်။ တရုတ်နိုင်ငံတွင် နိုင်ငံတကာအပျော်စီး သင်္ဘော လုပ်ငန်းများ အပြည့်အဝပြန်လည်စတင်ပြီဖြစ်ကြောင်း ၎င်းနိုင်ငံ၏ ပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်က ကြေညာခဲ့သည်။

ထျန်းကျင်းမြို့သည် တရုတ်နိုင်ငံ(မြောက်ပိုင်း)ရှိ အပျော်စီးပင်လယ်ကူးသင်္ဘောကြီးများ တည်ရှိရာ အချက်အချာ နေရာတစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ် ၊ ဇူလိုင် ၈ ရက်က လိုက်ဘေးရီးယားအပျော်စီးသင်္ဘော Dream သည် တရုတ်နိုင်ငံ(မြောက်ပိုင်း) ထျန်းကျင်းမြို့ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။

ကိုဗစ်ကာလ သုံးနှစ်အတွင်း ပထမဆုံးနိုင်ငံတကာ အပျော်စီးသင်္ဘော Dream ကို လက်ခံကြိုဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းအပျော်စီးသင်္ဘောသည် အရှည်၂၆၁ မီတာ၊ အကျယ် ၄၀ မီတာ ရှိသည်။ သင်္ဘောတွင် အခန်း ၁,၀၀၀ ကျော် ရှိပြီး ခရီးသည် ၂၀၀၀ ကျော် လိုက်ပါလာခဲ့သည်။

ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး Dream သည် တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း ခရီးစဉ်အတွက် ထျန်းကျင်းမြို့ရှိ ဆိပ်ကမ်းမှ စက်တင်ဘာ ၂၇ ရက်က ထွက်ခွာခဲ့သည်။ အလားတူ Blue Dream Star အပျော်စီးသင်္ဘောသည်လည်း ဂျယ်ဂျူးကျွန်းနှင့် တရုတ်နိုင်ငံ (အရှေ့ပိုင်း) ရှန်ဟိုင်းမြို့သို့ ခရီးစဉ်အဖြစ် ခရီးသည် ၁၀၀၀ နီးပါးကို တင်ဆောင်လျက် ချင်းသောင်မြို့မှ စက်တင်ဘာ ၂၉ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်ခရီးစဉ်များအတွက် လက်မှတ်များကို ရောင်းချနေပြီး တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျိုကျွန်း၊ ဂျပန်နိုင်ငံရှိ မြို့များသို့ လည်ပတ်ကာ ရှန်ဟိုင်းမြို့ကို ပြန်လည်ဆိုက်ကပ်မည်ဖြစ်သည်ဟု သိရသည်။ 

ပင်လယ်ကူးအပျော်စီးသင်္ဘောများတွင် ကိုဗစ်-၁၉ ကာလအတွေ့အကြုံများရှိလာ၍ ကျန်းမာရေးနှင့် ဘေးကင်ရေး ဆိုင်ရာ ကိစ္စရပ်များအပြင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တင်းကျပ်သော ကျန်းမာရေးနှင့် ဘေးကင်း ရေး လုပ်ငန်းစဉ် များကို ချမှတ်ထားသည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကာလပြီးနောက် ပြည်တွင်း၊ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရန် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်ကာလမတိုင်မီက ပင်လယ်ကူးအပျော်စီးသင်္ဘောခရီးစဉ်များ မြန်မာနိုင်ငံသို့ ဆိုက်ကပ်ပြီး လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များရှိသည်။

ပင်လယ်ကူးအပျော်စီးသင်္ဘောကြီးများသည် မြန်မာနိုင်ငံသို့ ဆိုက်ကပ်ရာတွင် ရန်ကုန်ဆိပ်ကမ်းနှင့် သီလ ဝါ ဆိပ်ကမ်းကို အများစုဆိုက်ကပ်ကြသည်။ ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး အကြီးဆုံးအချက်အချာကျ ဆိပ်ကမ်းဖြစ်သည်။ သီလဝါဆိပ်ကမ်းကလည်း သီလဝါစီးပွားရေးဇုန်ရှိခြင်းနှင့် ကွန်တိန်နာနှင့် ကုန်တင်ကုန်ချတင်ပို့ရန်အတွက် ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်သည်။ 

ထပ်မံ၍ ပင်လယ်ကူးအပျော်စီးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ပြည်တွင်းဆိပ်ကမ်းများမှာ စစ်တွေ ဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့ဖြစ်သည်။

နိုင်ငံတကာမှ ပင်လယ်ကူးအပျော်စီးသင်္ဘောများသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်ဆိပ် ကမ်းသို့ ဆိုက်ကပ်မည့် ခရီးစဉ်များရှိသည်။ Silversea ပင်လယ်ကူးအပျော်စီးသင်္ဘောသည် ဒီဇင်ဘာ ၁၅ ရက် တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ပြီး သုံးရက်ကြာ ပြည်တွင်း၌အပန်းဖြေမည်ဖြစ်သည်။  ၎င်းအပျော်စီး သင်္ဘောခရီးစဉ်သည် အိန္ဒိယနိုင်ငံမှ အစပြု၍ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံ များ သို လှည့်လည်ခုတ်မောင်းမည့် ခရီးစဉ်ဖြစ်သည်။  ရက်ပေါင်း ၃၄ ရက်ကြာမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နေသော မြန်မာနိုင်ငံတွင် ပြည်တွင်းမှာပင် အပျော်စီးဇိမ်ခံ သင်္ဘော ဖြင့် ရန်ကုန်မှ ချောင်းသာကမ်းခြေသို့ ပြေးဆွဲမည့်ခရီးစဉ်များလည်း စတင်လည်ပတ်နေပြီဖြစ်သည်။ 

ကမ္ဘာပေါ်တွင် မည်ကဲသို့အခြေအနေမျိုးများ ရှိနေပါစေ။ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းများအကြား ရှင်သန်နေကြသော လူသားများအနေဖြင့် ခရီးသွားလာခြင်းအမျိုးမျိုးကို ဆန်းသစ်လျက်ရှိနေပေသည်။

ပင်လယ်၊ သမုဒ္ဒရာကြီးများတွင် ခုတ်မောင်းရင်း သဘာဝအလှကျွန်းများ၊ နိုင်ငံများသို့ လည်ပတ်ရသည့် ခရီးသွား ရသများကို ရှုမြင်ခံစားနိုင်သော ပင်လယ်ကူးအပျော်စီးသင်္ဘောခရီးစဉ်များသည် ကိုဗစ်ကာလပြီးနောက် တွင် ပြန်လည်နိုးထလာတော့သည်။

အမွန်