【 ပြည်တွင်း 】 ကိုရီးယားလေဆိပ်မှာ မြန်မာလုပ်သားတွေ တခြားနိုင်ငံသားတွေထက် ပိုပြီးစစ်ဆေးခံနေရ

【 ပြည်တွင်း 】 ကိုရီးယားလေဆိပ်မှာ မြန်မာလုပ်သားတွေ တခြားနိုင်ငံသားတွေထက် ပိုပြီးစစ်ဆေးခံနေရ

ရန်ကုန်၊ သြဂုတ် - ၂၆

တောင်ကိုရီးယားနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လေဆိပ်သို့ရောက်ရှိချိန်တွင် တခြားနိုင်ငံသားတွေထက် အချိန်ပိုကြာမြင့်စွာ စစ်ဆေးခံနေကြရတယ်လို့ ဆိုလ်းမြို့ရှိ အလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာအလုပ်သမားတွေဆီကနေ တားမြစ်ထားတဲ့ အစားအစာတွေ မကြာခဏဆိုသလို လေဆိပ်မှာ ဖမ်းမိလေ့ရှိတာကြောင့် ယခုလိုအချိန်ပိုကြာစစ်ဆေးခံနေရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားအစိုးရက သယ်ယူခွင့် ပိတ်ထားတဲ့ အသားခြောက်၊ ကွမ်းရွက်နဲ့ တခြားစားစရာပစ္စည်းတွေကို မြန်မာအလုပ်သမားတချို့ဟာ နည်းမျိုးစုံနဲ့ သယ်ဆောင်လေ့ရှိတာကြောင့် ပိုပြီးပစ်မှတ်ထား စောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။

တခြားနိုင်ငံသားတွေကို အိတ်စစ်ချိန် ၅ မိနစ်ခန့်သာ ကြာသော်လည်း မြန်မာအလုပ်သမားတွေကို စစ်ဆေးချိန်ကတော့ အနည်းဆုံး နာရီဝက်ခန့် ကြာတတ်တယ်လို့ ဆိုပါတယ်။  

ထိုကဲ့သို့ တားမြစ်ထားတဲ့ ပစ္စည်းတွေကို သယ်ဆောင်ခြင်းမပြုကြဖို့ ကြိုတင်အသိပေးမှုတွေရှိပေမယ့်လည်း ဂရုမစိုက်ကြဘဲ လွတ်မယ်ထင်လို့ သယ်ကြတာလို့လည်း ကိုရီးယားရောက် မြန်မာတစ်ဦးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားတွေ အင်ချွန်းလေဆိပ်မှာ တားမြစ်ကုန်ပစ္စည်းတွေ အမိများလာတာကြောင့် နောက်တစ်ကြိမ် ပြည်ဝင်ခွင့်ပိတ်တဲ့အထိ အရေးယူမယ်လို့ တောင်ကိုရီးယားဘက်က အသိပေးလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုလတ်တလော ဖမ်းမိတဲ့သူတွေကို ပစ္စည်းသိမ်း ပတ်စ်ပို့မှတ်တမ်းတင်ထားမှာဖြစ်ပြီး အများနဲ့မိရင်တော့ ဒဏ်ငွေဆောင်ရမှာဖြစ်ကာ နောင်မိရင်တော့ ပြည်ဝင်ခွင့်ပိတ်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အောင်အောင်