【 ပြည်တွင်း 】 ဒလမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် တစ်ဦးသေဆုံးပြီး လူ ၃၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရ

【 ပြည်တွင်း 】 ဒလမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် တစ်ဦးသေဆုံးပြီး လူ ၃၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရ

 

ရန်ကုန်၊ စက်တင်ဘာ - ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ကမ်းပါးပြိုပြီး နေအိမ် (၆) လုံး မျောပါသွားကာ လူပေါင်း ၃၀၀ နီးပါးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့်  နေအိမ်နှင့်အတူ အမျိုးသမီးနှစ်ဦး မျောပါသွားသဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့သော်လည်း   အမျိုးသမီးတစ်ဦးဟာ ဒလဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး၊ ကျန်အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ထိုကဲ့သို့ မျောပါသွားသည့် နေအိမ်များနှင့် အနီးနားဝန်းကျင်ရှိ  နေအိမ် (၈၀) လုံးခန့်မှ အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာ တာကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ကမ်းပါးပြိုကျမှုဖြစ်စဉ်ကြောင့် စုစုပေါင်း အိမ်ထောင်စု (၉၄) စုမှ အိမ်ထောင်စု (၆၈) စုရှိ ကျား (၁၃၈) ဦး၊ မ (၁၅၉) ဦး စုစုပေါင်း (၂၉၇) ဦးတို့အား ရေဘေးလွတ်ရာ တာကြီးရပ်ကွက်ရှိ ပုညာရာမဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောင်အောင်
Photo - CJ