【 ပြည်တွင်း 】 နန့်ယားဂိတ်မှာ ယနေ့မနက်ပိုင်းအထိ ခရီးသည်ကားနဲ့ ကုန်ကားတွေ ရာချီပိတ်မိနေဆဲ

【 ပြည်တွင်း 】 နန့်ယားဂိတ်မှာ ယနေ့မနက်ပိုင်းအထိ ခရီးသည်ကားနဲ့ ကုန်ကားတွေ ရာချီပိတ်မိနေဆဲ

ရန်ကုန်၊ သြဂုတ် - ၂၄

ကချင်ပြည်နယ်အတွင်းက ကားမိုင်း- ဖားကန့်လမ်းကြောင်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာယာဉ်ရပ်နားဂိတ်မှာ ယနေ့ (သြဂုတ် ၂၄ ရက်) မနက်ပိုင်းအထိ ခရီးသည်နဲ့ ကုန်ကားတွေ ရာနဲ့ချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေနဲ့ ကုန်ကားမောင်းသူတွေထံမှ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့်လမ်းပိုင်း ကျောက်ထုရွာနားမှာ သြဂုတ် ၂၂ ရက် နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲတွေဖြစ်ပွားနေမှုကြောင့် လမ်းပိတ်မှုတွေဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းအထိလည်း ပိတ်မိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိတွင် နန့်ယားကျေးရွာမှာ ခရီးသည်နဲ့ ကုန်ပစ္စည်းတင် ယာဉ်တစ်ရာကျော် ပိတ်မိနေဆဲဖြစ်ပြီး ခရီးသည်တွေအနေနဲ့ ရွာထဲမှာရှိတဲ့ စာသင်ကျောင်း၊ စားသောက်ဆိုင်များ၊ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေထိုင်နေရတယ်လို့ ဆိုပါတယ်။

“နန့်ယားကျေးရွာယာဉ်ရပ်နားဂိတ်မှာ ခရီးသည်ကားနဲ့ ကုန်ကားတွေ ရာနဲ့ချီပိတ်မိနေဆဲဖြစ်ပါတယ်။အရေးကြီးကိစ္စနဲ့ ကျန်းမာရေးအတွက်ဆိုရင် ဝှေခါလမ်းအတိုင်း သွားကြပါ။ဆပ်ပြာချောင်းအတက်က အနည်းငယ်တော့ လမ်းဆိုးပါတယ်။မှတ်ပုံတင်လည်း ယူသွားကြပါ” လို့ ဒေသခံတစ်ဦးရဲ့ လူမှုကွန်ရက်မှာ ယနေ့မနက်ပိုင်းက အသိပေး ရေးသားထားပါတယ်။

မြစ်ကြီးနား–ဖားကန့်လမ်းမကြီးဟာ ဖားကန့်ဘက်ကို အခြေခံစားသောက်ကုန် အဓိကတင်ပို့တာဖြစ်တဲ့အတွက် လက်ရှိ နန့်ယားဂိတ်မှာ ပိတ်မိနေတာကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အောင်အောင်
Photo - CJ