【 ပြည်တွင်း 】 မန္တလေး၊ အမရပူရတွင် လူနေအိမ်တစ်လုံး မီးလောင်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံးခဲ့

【 ပြည်တွင်း 】 မန္တလေး၊ အမရပူရတွင် လူနေအိမ်တစ်လုံး မီးလောင်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံးခဲ့

 

ရန်ကုန်၊ သြဂုတ် - ၂၃

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာရှိ လူနေအိမ်တစ်လုံးတွင် သြဂုတ် ၂၂ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံးခဲ့ကြောင်း  လူမှုကူညီရေးအဖွဲ့တွေထံမှ  သိရပါတယ်။

သြဂုတ် ၂၂ ရက် ည ၁၁ နာရီခန့်က အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အမရပူရမြို့နယ်ရှိ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၇) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါမီးလောင်မှုဟာ မီးလောင်တဲ့အိမ်ရဲ့ အိပ်ခန်းမှာ ဖယောင်းတိုင်းမီးထွန်းထားရာကနေ ဘေးမှာရှိတဲ့ ခြင်ထောင်ကို မီးစွဲ၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လေဖြတ်နေတဲ့ အိမ်ပိုင်ရှင် အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့သားနဲ့သမီးပါ မီးလောင်မှုဖြစ်စဉ်အတွင်းမှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသူ နေအိမ်ပိုင်ရှင် အမျိုးသားဟာ အသက် (၇၀) အရွယ်ရှိပြီး၊ အိမ်ပိုင်ရှင်ရဲ့ သားဖြစ်သူဟာ အသက် (၄၀) အရွယ်နှင့် သမီးဖြစ်သူကတော့ အသက် (၃၆) နှစ်အရွယ်ရှိပြီး မီးလောင်မှုကြောင့် နေအိမ် (၂) လုံးနဲ့ အတွင်းပစ္စည်း (၇၈) သိန်းနီးပါး မီးလောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။

အဆိုပါမီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နာရီဝက်ခန့်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေ၊ ဘုံကျောင်းလမ်းတွင် လူနေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မိသားစုဝင် ၄ ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

အောင်အောင်
Photo – MFSD