【 ပြည်တွင်း 】 မြဝတီခရိုင်ရဲစခန်းအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲမှု ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

【 ပြည်တွင်း 】 မြဝတီခရိုင်ရဲစခန်းအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲမှု ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

 

ရန်ကုန်၊ စက်တင်ဘာ - ၄

ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ မြဝတီခရိုင်ရဲစခန်းအတွင်း၌ ယမန်နေ့ညပိုင်းက Drop Bomb များ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

စက်တင်ဘာ ၃ ရက်၊ ည ၆ နာရီခွဲကျော်မှာ မြဝတီခရိုင်ရဲစခန်းအတွင်းသို့ Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ခရိုင်ရဲမှူးနေအိမ်အနီးနှင့် ခရိုင်ရဲစခန်းအစည်းအဝေးခန်းမတို့အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ် ည ၇ နာရီ ၂၀ မိနစ်ခန့်မှာ Drop Bomb ၂ လုံးဖြင့် ထပ်မံပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များအတွင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ မြဝတီခရိုင်ထွေအုပ်ဦးစီးအရာရှိနှင့် မြဝတီခရိုင်ထွေအုပ်စာရေးတို့မှာ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးတို့မှာလည်း မြဝတီခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ထပ်မံသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ၁၀ ဦးကျော်တို့ဟာလည်း  မြဝတီခရိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အဆိုပါပေါက်ကွဲမှုတွေ ဖြစ်ပွားနေစဉ်အတွင်းမှာ လက်နက်ကြီးပစ်ခတ်သံတွေအပါအဝင် သေနတ်ပစ်ခတ်သံတွေဟာလည်း မြဝတီတစ်မြို့လုံးမှာ ဆူညံသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်အောင်
Photo - လူမှုကွန်ရက်