【 ပြည်တွင်း 】 ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်က တံတားကျိုးကျလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့

【 ပြည်တွင်း 】 ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်က တံတားကျိုးကျလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့

 

ရန်ကုန်၊ သြဂုတ် - ၂၂

ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က ကလိန်အောင်မြို့နဲ့ မလွှဲတောင်ကြားက ကော့လှိုင်ရွာမှ တံတား ယမန်နေ့ ညနေပိုင်းက ပြိုကျမှုကြောင့် ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေဟာ သွားလာရေးအတွက် အခက်ခဲဖြစ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယမန်နေ့ သြဂုတ်လ ၂၁ ရက် ညနေပိုင်းမှာ ဝိတ်များတဲ့ ကုန်ကားတစ်စီး တံတားကိုဖြတ်သွားချိန် ပြိုကျခဲ့တာဖြစ်ပြီး ကားတွေဖြတ်လို့မရဖြစ်ခဲ့တာလို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ တနင်္သာရီတိုင်းသို့ ဝင်လာသည့် လမ်းပေါ်ရှိ တံတားငယ် ကျိုးကျသွားခြင်းဖြစ်သဖြင့် ရန်ကုန်မှလာသည့် ကားများ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် မြို့များသို့ ဆက်သွားလာ၍မရတော့ဘဲ ပိတ်မိနေခဲ့တာလို့ ဆိုပါတယ်။

“မနေ့က ပြိုကျခဲ့တဲ့ တံတားကို သက်ဆိုင်ရာက ပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်။ဒီနေ့(သြဂုတ် ၂၂ ရက်) နေ့လယ်ပိုင်းမှာတော့ ပုံမှန်အတိုင်းသွားလာလို့ ရနေပါပြီ” လို့ ဒေသခံယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ယင်းတံတားငယ်သည် ပြီးခဲ့သည့်နှစ်ကတည်းက ပြင်ဆင်ရန် လိုအပ်နေပြီး ယခုရက်ပိုင်းအတွင်း ကတ္တရာလမ်း မြေသားနိမ့်ကျနေသည့်အတွက် သဲ၊ ကျောက်များဖြင့် ယာယီမြေဖို့ပြင်ဆင်ပြီး အသုံးပြုနေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောဆိုထားပါတယ်။

အောင်အောင်