【 နိုင်ငံတကာ 】 ကင်ဂျုံအန်၏ အထူးရထား ရုရှားသို့ ထွက်ခွာသွားပုံရသည်ဟု တောင်ကိုရီးယားပြော

【 နိုင်ငံတကာ 】 ကင်ဂျုံအန်၏ အထူးရထား ရုရှားသို့ ထွက်ခွာသွားပုံရသည်ဟု တောင်ကိုရီးယားပြော

ဆိုးလ်၊ စက်တင်ဘာ - ၁၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို တင်ဆောင်လာသည့် အထူးရထားတစ်စင်း ရုရှားနိုင်ငံသို့ ထွက်ခွာသွားပုံရသည်ဟု တောင်ကိုရီးယားအစိုးရအရာရှိတစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ပါတယ်။

“ကင်ဂျုံအန် တင်ဆောင်လာတဲ့ ရထားဟာ ဗလာဒီဗော့စတော့ကို သွားနေတယ်လို့ ထောက်လှမ်းရေး အာဏာပိုင်တွေက ယုံကြည်နေပါတယ်” ဟု အဆိုပါအရာရှိက Yonhap သတင်းဌာနသို့ ပြောခဲ့ပါတယ်။

ကင်ဂျုံအန်သည် ပြုံယမ်းမှ ထွက်ခွာပြီး ရုရှားနိုင်ငံသို့ ဦးတည်သွားဟန်တူကြောင်း အခြားအကြီးတန်းအရာရှိတစ်ဦးက အတည်ပြုခဲ့ပါတယ်။

သို့သော်လည်း ကင်ဂျုံအန်၏ ရုရှားနိုင်ငံသို့ ဖြစ်နိုင်ခြေရှိသော ခရီးထွက်ခွာမှုအတွက် ပြုံယမ်းနှင့် မော်စကိုတို့မှ စကားတစ်ခွန်းမျှ မဟခဲ့ပေ။မြောက်ကိုရီးယားခေါင်းဆောင်သည် ၎င်း၏ ဖြစ်နိုင်ခြေရှိသော ရထားခရီးစဉ်ကို စတင်ခဲ့ခြင်း ရှိ၊ မရှိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ ထိုခရီးစဉ်မှာ နာရီ ၂၀ (သို့မဟုတ်) ထို့ထက် ပိုကြာမည်ဟု မျှော်လင့်ရပါတယ်။

ယူကရိန်းစစ်ပွဲအတွက် ရုရှားနှင့် အခြားစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လက်နက်များ ပိုမိုထောက်ပံ့ပေးနိုင်မှုနှင့်ပတ်သက်၍ ပူတင်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ကင်သည် ယခုလတွင် သံချပ်ကာရထားဖြင့် ဗလာဒီဗော့စတော့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း New York Times က ဖော်ပြခဲ့ပါတယ်။

ကင်သည် လာမည့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံ အရှေ့ဖျားသို့ သွားရောက်ဖွယ်ရှိကြောင်း ရုရှားနိုင်ငံ Interfax သတင်းဌာနက ဒေသတွင်း သတင်းရင်းမြစ်များစွာကို ကိုးကား၍ ယနေ့အစောပိုင်းတွင် ဖော်ပြခဲ့ပါတယ်။

ကင်နှင့် ပူတင်တို့ကြား ထိပ်သီးဆွေးနွေးပွဲဖြစ်နိုင်ခြေ မြင်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ယခုသီတင်းပတ်အတွင်း ဗလာဒီဗော့စတော့တွင် စီးပွားရေးဖိုရမ်တစ်ခု၏ ဘေးဆွယ်အဖြစ် ကင်နှင့် ပူတင်တို့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ကြောင်း မီဒီယာများ၏ ဖော်ပြမှုများကြားမှ ထွက်ပေါ်လာပါတယ်။

အကယ်၍ ယခုသတင်းသာ အတည်ပြု၍ရပါက အဆိုပါခရီးစဉ်သည် ကင်၏ ရုရှားနိုင်ငံသို့ လေးနှစ်ခွဲနီးပါးအတွင်း ပထမဆုံးလာရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်ပြီး COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့ကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးလာပြီးနောက် ပြုံယမ်းသည် မော်စကိုနှင့် စစ်ရေးဆက်ဆံမှု အားကောင်းလာစေရန် မကြာသေးမီက ကြိုးပမ်းလာပါတယ်။

Linko
Ref - Yonhap