【 နိုင်ငံတကာ 】 ကိယက်ဗ်သို့ ပေးသည့် အကူအညီက အမေရိကကို ပိုမိုချမ်းသာစေကာ ယူကရိန်းကို ပိုမိုဆင်းရဲစေသည်ဟု ရုရှားပြော

【 နိုင်ငံတကာ 】 ကိယက်ဗ်သို့ ပေးသည့် အကူအညီက အမေရိကကို ပိုမိုချမ်းသာစေကာ ယူကရိန်းကို ပိုမိုဆင်းရဲစေသည်ဟု ရုရှားပြော

မော်စကို၊ ဧပြီ - ၂၂

ယူကရိန်းသို့ စစ်ရေးအကူအညီပေးရန် အမေရိကန်အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့က ယင်းအကူအညီသည် အမေရိကန်ပြည်ထောင်စုကို ပိုမိုချမ်းသာအောင် လုပ်ပေးပြီး ယူကရိန်းကို ထပ်မံပျက်စီးစေကြောင်း စနေနေ့က ပြောကြားလိုက်ပါတယ်။

“ယူကရိန်းကို အကူအညီပေးမယ့် ဆုံးဖြတ်ချက်ကို မျှော်လင့်ထားပြီး ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ဒါဟာ အမေရိကန်ပြည်ထောင်စုကို ပိုမိုချမ်းသာစေပြီး ယူကရိန်းကို ထပ်မံပျက်စီးစေကာ ယူကရိန်းတွေ ပိုမိုသေဆုံးမယ်” ဟု ပက်စ်ကော့က ပြောကြောင်း ရုရှား TASS သတင်းဌာန ဖော်ပြခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်က စနေနေ့မှာ ယူကရိန်း၊ အစ္စရေးနှင့် အင်ဒို-ပစိဖိတ် မဟာမိတ်များအတွက် ပြည်ပအကူအညီ အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံကို အတည်ပြုလိုက်ပါတယ်။ထိုဥပဒေကြမ်းအရ ယူကရိန်းကို ထောက်ပံ့ရေးအတွက် ထိန်းသိမ်းထားသည့် ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန်လည်း ပါဝင်ပါတယ်။

“ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ သူတို့အမှန်တကယ်ပြောတယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ပုံရိပ် ပြန်ပြင်မရအောင် ထိခိုက်စေမယ်။ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အထူးသဖြင့် နိုင်ငံတော်ပိုင်ဆိုင်မှုကို မချိုးဖောက်နိုင်ခြင်းကို ချိုးဖောက်တဲ့အတွက် အဲဒီနိုင်ငံက ရင်းနှီးမြှုပ်နှံသူအများအပြားဟာ သူတို့ငွေတွေကို ကာကွယ်ကြမှာပဲ” ဟုလည်း သူကပြောပါတယ်။

ယူကရိန်းသို့ပေးမည့် ရန်ပုံငွေကို ထောက်ခံမဲ ၃၁၁ မဲနှင့် ကန့်ကွက်မဲ ၁၁၂ မဲဖြင့် အတည်ပြုခဲ့ပါတယ်။ထူးခြားချက်မှာ ထိုဥပဒေကို ရီပတ်ဗလစ်ကန် ၁၁၂ ဦးက ဆန့်ကျင်ပြီး ထောက်ခံသူ ၁၀၁ ဦးသာရှိခြင်းဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ကျေးဇူးတင်ကြောင်း ဖော်ပြပြီး အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များသည် သမိုင်းကို လမ်းကြောင်းမှန်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဇီလင်စကီးက X လူမှုကွန်ရက်တွင် “အောက်လွှတ်တော်မှာ ဒီနေ့အတည်ပြုလိုက်တဲ့ အမေရိကန်ရဲ့ အရေးပါတဲ့ အကူအညီပေးရေး ဥပဒေကြမ်းဟာ စစ်ကျယ်ပြန့်ခြင်းကို တားဆီးပေးပြီး အသက်ထောင်ပေါင်းများစွာကို ကယ်တင်ရာရောက်ကာ နှစ်နိုင်ငံလုံးကို ပိုမိုအင်အားတောင့်တင်းစေတယ်” ဟု ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG