【 နိုင်ငံတကာ 】 ခရာဗိုဗက်ခ်မှာ လျှို့ဝှက်ဆန်းကြယ် ဓာတ်ရောင်ခြည်များ ယိုစိမ့်သဖြင့် ရုရှားမှာ အရေးပေါ်အခြေအနေ ကြေညာ

【 နိုင်ငံတကာ 】 ခရာဗိုဗက်ခ်မှာ လျှို့ဝှက်ဆန်းကြယ် ဓာတ်ရောင်ခြည်များ ယိုစိမ့်သဖြင့် ရုရှားမှာ အရေးပေါ်အခြေအနေ ကြေညာ

မော်စကို၊ ဧပြီ - ၆

လျှို့ဝှက်ဆန်းကြယ်သော ဓာတ်ရောင်ခြည်များ ယိုစိမ့်မှုဖြစ်ပြီးနောက် ရုရှားက ၎င်းရဲ့မြို့ကြီးများမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

မြင့်မားသော ဓာတ်ရောင်ခြည်သင့်မှုကို လူနေအဆောက်အအုံများနှင့် ၁.၅ မိုင်ခန့်ဝေးသော ခရာဗိုဗက်ခ်မြို့ ဓာတ်အားတာဝါတိုင်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။အာဏာပိုင်များက ယင်းဧရိယာကို ပိတ်ဆို့ထားသော်လည်း ဓာတ်ရောင်ခြည် ယိုစိမ့်မှု အရင်းအမြစ်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။

ခရာဗိုဗက်ခ် မြို့ပြကာကွယ်ရေးအကြီးအကဲ အန်ဒရီကိုလ်ချင်က “ဓာတ်ရောင်ခြည် မြင့်တက်နေတဲ့ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ယင်းဧရိယာကို ပိတ်ဆို့ထားပါတယ်။လုပ်ရတာ ပိုမြန်ဆန်စေဖို့ ခရာဗိုဗက်ခ်မြို့ကို အရေးပေါ်အခြေအနေ ကြေညာရန် ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

ရုရှားသတင်းဌာနTass က ရုရှား စားသုံးသူဘေးကင်းရေး စောင့်ကြည့်ရေးအဖွဲ့၏ ဒေသဆိုင်ရာဌာနခွဲ ပြောကြားချက်ကို ကိုးကားပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ဓာတ်ရောင်ခြည်နှင့် ထိတွေ့ခြင်းမရှိဘဲ “နိုင်ငံသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုမရှိကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

Radon နျူကလီးယားအေဂျင်စီရဲ့ သတင်းရင်းမြစ် ပြောကြားချက်မှာတော့  “ဓာတ်ရောင်ခြည် အရင်းအမြစ်ကို ဖယ်ရှားပြီး ၎င်းကို ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း သိုလှောင်ရုံတစ်ခုသို့ ပို့ဆောင်ကာ အကာအကွယ်ပုံးတစ်ခုအတွင်း ထားရှိခဲ့တယ်” ဆိုပါတယ်။

“ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိသလို လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုလည်း မရှိပါဘူး။”

ဓာတ်ရောင်ခြည်သင့်မှုအဆင့်ကို အာဏာပိုင်များက ဆက်လက်စောင့်ကြည့်နေပြီး အကြောင်းအရင်းကို အဖြေရှာနေချိန်တွင် အရေးပေါ်အခြေအနေမှာ လာမည့်သုံးရက်အတွင်း ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရပါတယ်။

သို့သော်လည်း ယိုစိမ့်မှုသတင်းများကို အာဏာပိုင်များက ဆောင်ရွက်ရန် အချိန်တစ်ပတ်ခန့် ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုယိုစိမ့်မှုကို မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားတစ်ဦးမှ ပထမဆုံး သတင်းပို့ခဲ့သော်လည်း ဧပြီလ ၅ ရက်နေ့အထိ အရေးယူခြင်း မရှိသေးပေ။

စိုးချစ်
သတင်းရင်းမြစ် - LBC