【 နိုင်ငံတကာ 】 တရုတ် ထိပ်တန်းအရာရှိများနှင့် ဆွေးနွေးရန် ဘလင်ကန် ပေကျင်းရောက်လာ

【 နိုင်ငံတကာ 】 တရုတ် ထိပ်တန်းအရာရှိများနှင့် ဆွေးနွေးရန် ဘလင်ကန် ပေကျင်းရောက်လာ

ပေကျင်း၊ ဧပြီ - ၂၆

တရုတ် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံရန် ပြင်ဆင်နေစဉ်အတွင်း ကြာသပတေးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အမေရိကန်အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို တန်းတူညီမျှ လုပ်ပိုင်ခွင့်ပေးရန် တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ဘလင်ကန်သည် အမေရိကန် ကုမ္ပဏီတစ်ထောင်ကျော်ရှိသည့် စီးပွားရေးအချက်အခြာ ရှန်ဟိုင်းမှ ဒေသဆိုင်ရာအစိုးရ အရာရှိများနှင့် တွေ့ဆုံပြီးနောက် ပေကျင်းသို့ သွားရောက်ခြင်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မက်သရူး မေးလားက ဘလင်ကန်သည် ရှန်ဟိုင်း ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ချန်ကျီနင်းနှင့် တွေ့ဆုံစဉ် အမေရိကန်ကုမ္ပဏီများကို မျှမျှတတ ဆက်ဆံရန် တောင်းဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

“အပြုသဘောဆောင် ပွင့်လင်းတဲ့ ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကုန်သွယ်ရေးမူဝါဒတွေ ဈေးကွက်စီးပွားရေးမဆန်တဲ့ ကိစ္စတွေအတွက် စိုးရိမ်ပူပန်မှုတွေကို ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံနဲ့ ကျန်းမာတဲ့ စီးပွားရေးယှဉ်ပြိုင်မှုနဲ့ အမေရိကန်အလုပ်သမားတွေနဲ့ တရုတ်မှာလုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းတွေအတွက် တန်းတူညီမျှတဲ့ လုပ်ပိုင်ခွင့်ရလိုကြောင်း အလေးထားပြောကြားခဲ့ပါတယ်” ဟု မေးလားက ပြောပါတယ်။

တရုတ်နိုင်ငံသည် ဈေးကွက်သဘောတရားများနှင့်အညီ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အမြဲတမ်းဆောင်ရွက်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝေဘင်က ဘလင်ကန်ကို တုံ့ပြန်သည့်အနေဖြင့် သတင်းထောက်များကို ပြောပါတယ်။

တရုတ်၏ ဒေါ်လာဘီလီယံပေါင်းများစွာရှိသည့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးပိုငွေ၊ ဉာဏပစ္စည်းခိုးယူမှု စွပ်စွဲချက်များနှင့် တရုတ်ရှိ အမေရိကန်လုပ်ငန်းများကို ခွဲခြားဆက်ဆံခြင်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် ပွတ်တိုက်မှု ရင်းမြစ်ဖြစ်နေသည်မှာ ကာလ ကြာမြင့်ပြီဖြစ်ပါတယ်။

နယူးယောက်တက္ကသိုလ် ရှန်ဟိုင်းမှ တရုတ်နှင့် အမေရိကန်ကျောင်းသားများနှင့် တွေ့ဆုံရာတွင် ဘလင်ကန်က ကျောင်းသားများ၊ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းများအကြား အပြန်အလှန်ဆက်ဆံမှု တိုးချဲ့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျနော်တို့တွေ တစ်ဘက်နဲ့ တစ်ဘက် ဆွေးနွေးနေဖို့၊ နားထောင်နေဖို့နဲ့ နားလည်နေဖို့ လုပ်ရမယ်” ဟု သူကပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ နယူးယောက်တက္ကသိုလ် ရှန်ဟိုင်းတွင် ဘွဲ့ကြိုနှင့် ဘွဲ့ရ ကျောင်းသား ၂၀၀၀ နီးပါး တက်ရောက်နေပြီး ထက်ဝက်မှာ တရုတ်နိုင်ငံမှဖြစ်ပါတယ်။ကျန်ထက်ဝက်မှာ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံ ၇၀ မှ ကျောင်းသားများဖြစ်ပါတယ်။

အမေရိကန် ကျောင်းသား ၅၀၀ ခန့် ထိုတက္ကသိုလ်တွင် တက်ရောက်နေပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းတွင် ဘလင်ကန်သည် ရှန်ဟိုင်းမှ အမေရိကန် ကုန်သည်ကြီးများအသင်း ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေး ၂ ခု ရင်ဆိုင်နေရသည့် ကုန်သွယ်ရေးပြဿနာများ ဖြေရှင်းရေး တောင်းဆိုထားပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - VOA