【 နိုင်ငံတကာ 】 တရုတ်-အင်ဒိုနီးရှား ပူးတွဲ သိပ္ပံလေ့လာရေး အင်ဒိုနီးရှားစံချိန်အရ အနက်ဆုံးသို့ ရေငုပ်နိုင်

【 နိုင်ငံတကာ 】 တရုတ်-အင်ဒိုနီးရှား ပူးတွဲ သိပ္ပံလေ့လာရေး အင်ဒိုနီးရှားစံချိန်အရ အနက်ဆုံးသို့ ရေငုပ်နိုင်

ပေကျင်း၊ မတ် - ၂၅

တရုတ်သိပ္ပံအကယ်ဒမီနှင့် အင်ဒိုနီးရှားအမျိုးသားသုတေသနနှင့် တီထွင်ဆန်းသစ်ရေးအေဂျင်စီတို့ ပူးတွဲပြုလုပ်သည့် သိပ္ပံစူးစမ်းလေ့လာမှုသည် အိန္ဒိယသမုဒ္ဒရာ၏ ၇၁၇၈ မီတာနက်သော အပိုင်းအထိ စူးစမ်းလေ့လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စံနှုန်းအရ အနက် စံချိန်သစ်တင်သည့် ရေအထိ စူးစမ်းလေ့လာခြင်းဖြစ်ကြောင်း ထိုလေ့လာရေးအဖွဲ့က စနေနေ့တွင် ပြောခဲ့ပါတယ်။

ထိုအဖွဲ့၏ အဆိုအရ ပူးတွဲလေ့လာရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ CAS ၏ ရေနက်သိပ္ပံနှင့် အင်ဂျင်နီယာ အင်စတီကျုမှ လူလိုက်ပါသည့် ရေနက်ရေငုပ်သင်္ဘော Fendouzhe ကို အသုံးပြုပြီး လေ့လာခဲ့ပါတယ်။

Fendouzhe သည် လူလိုက်ပါသည့် ရေငုပ်သင်္ဘောများတွင် အနက်ရှိုင်းဆုံးအထိ သွားရောက်ခဲ့သည့် ရေငုပ်သင်္ဘောဖြစ်ပြီး လူသားများကို ပထမဆုံးအကြိမ်အဖြစ် မီတာ ၁၀,၀၀၀ အောက်သို့ သွားရောက်နိုင်ခဲ့သည့် ရေငုပ်သင်္ဘောဖြစ်ပါတယ်။

သောကြာနေ့က ကျင်းပသည့် ပူးတွဲစူးစမ်းလေ့လာမှုကို ကြိုဆိုပွဲ အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူကန်းက “တရုတ်နဲ့ အင်ဒိုနီးရှားဟာ မကြာသေးမီနှစ်များအတွင်း ရေကြောင်းသိပ္ပံပညာရပ်တွေမှာ သုတေသနပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းအောင် လုပ်ခဲ့ကြတယ်။ကျနော်တို့ ၂ နိုင်ငံက သိပ္ပံပညာရှင်တွေက အနာဂတ်မှာ အရည်အသွေးမြင့်တဲ့ သုတေသနရလဒ်တွေ ပိုမိုရရှိဖို့နဲ့ ရေကြောင်းစီးပွားရေးနဲ့ ရေရှည်တိုးတက်မှုအတွက် အကျိုးပြုမယ်လို့ ကျနော်မျှော်လင့်တယ်” ဟု ပြောခဲ့ပါတယ်။

အင်ဒိုနီးရှား ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးဝန်ကြီး လူဟတ်ဘင်ဆာ ပန်ဂျိုင်တန်က ထိုပူးတွဲလေ့လာမှုသည် နှစ်နိုင်ငံအကြား ရေကြောင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွင် အခန်းကဏ္ဍသစ်ဖြစ်ပြီး အင်ဒိုနီးရှားအတွက် ပိုမိုများပြားသည့် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများကို လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG