【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် သံတမန်များ ပွင့်လင်းနက်ရှိုင်း အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများ ကျင်းပ

【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် သံတမန်များ ပွင့်လင်းနက်ရှိုင်း အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများ ကျင်းပ

ပေကျင်း၊ ဧပြီ - ၁၆
 
တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကျောင်ရှီု သည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နီကိုလပ်စ်ဘန်း၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရစ်နှင့် တရုတ်နိုင်ငံဆိုင်ရာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ဝါရင့်ဒါရိုက်တာ ဆာရာဘာရန်တို့နှင့် ပေကျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မြောက်အမေရိကနှင့် သမုဒ္ဒရာရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ယန်ဟေသည် အမေရိကန်သံတမန်များနှင့် ဆွေးနွေးခဲ့ပါတယ်။
 
မကြာသေးမီက ၂ နိုင်ငံ အကြီးအကဲများကြား ဖုန်းဖြင့်ဆက်သွယ်မှုနှင့် လွန်ခဲ့သောနှစ် နိုဝင်ဘာလက ဆန်ဖရန်စစ္စကိုတွင် ရရှိသည့် ဘုံနားလည်မှုများအရ ၂ ဘက်တို့သည် ပွင်းလင်းမြင်သာ၊ နက်ရှိုင်းပြီး အပြုသဘောဆောင်သည့် ဆက်သွယ်ရေးအားပေးသည့် ဆွေးနွေးပွဲများကို နယ်ပယ်များစွာတွင် အားပေးပြီး ၂ နိုင်ငံအကြား သဘောထားကွဲလွဲမှုများကို စနစ်တကျစီမံရန် ကတိပြုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ကြေညာချက်တစ်စောင်အရ သိရပါတယ်။
 
၂ ဘက်လုံးသည် အရှေ့အလယ်ပိုင်း၊ ယူကရိန်းနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာအပါအဝင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အရေးပါသောပြဿနာများကို အမြင်ချင်းဖလှယ်ကြပါတယ်။
 
၂ ဘက်တို့သည် ဆန်ဖရန်စစ္စကို သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက် တည်ငြိမ်စေရန် အဆင့်အားလုံးတွင် အပြန်အလှန်ဆက်ဆံရေး ထိန်းသိမ်းထားရန် သဘောတူကြပါတယ်။
 
တရုတ်သည် မကြာသေးမီက ဝါရှင်တန်၏ မှားယွင်းသော မှတ်ချက်များနှင့် အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာကို တွန်းအားပေးသည့် အပြုအမူများ အထူးသဖြင့် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ပါဝင်သည့် အသိုက်အဝန်းငယ် ဖွဲ့စည်းပြီး တောင်တရုတ်ပင်လယ် မတည်ငြိမ်ရန် လုပ်ဆောင်နေသည်ကို အလေးအနက် စိုးရိမ်ကြောင်း ပြောပါတယ်။
 
တရုတ်ဘက်က အမေရိကန်အနေဖြင့် ထိပ်တိုက်တွေ့ခြင်းကို မလုပ်ရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းတည်ငြိမ်မှု မထိခိုက်စေရန် တိုက်တွန်းသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားပါတယ်။
 
ထိုင်ဝမ်ပြဿနာနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနှင့် နည်းပညာနှင့် ယဉ်ကျေးမှုဖလှယ်ရေးနှင့်ပတ်သက်သည့် တရုတ်၏ သဘောထားကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။
 
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်၊ တရုတ်နိုင်ငံတိုးတက်မှုကို ဟန့်တားမှုရပ်ရန်၊ တရုတ်ကုမ္ပဏီများကို အခြေအမြစ်မရှိ ပိတ်ဆို့မှုရပ်ရန်နှင့် တရုတ်၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သိပ္ပံနှင့် နည်းပညာတိုးတက်မှုများအတွက် ဖိနှိပ်မှုရပ်ရန် တောင်းဆိုခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG