【 နိုင်ငံတကာ 】 တောင်တရုတ်ပင်လယ်အရေး အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မည်

【 နိုင်ငံတကာ 】 တောင်တရုတ်ပင်လယ်အရေး အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မည်

ဝါရှင်တန်၊ ဧပြီ - ၅

လာမည့်သီတင်းပတ်တွင် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်ခေါင်းဆောင်များအကြား ထိပ်တန်း ထိပ်သီးအစည်းအဝေးမတိုင်မီ တောင်တရုတ်ပင်လယ်အတွင်း သုံးနိုင်ငံရေတပ်ကင်းလှည့်မှုများ ပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိများက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ် ဂျိုဆေး မန်နူရယ် ရိုမူလာ့ဒ်ဇ်က ဝါရှင်တန်၊ တိုကျိုနှင့် မနီလာတို့ မည်သည့်အချိန်တွင် စတင်မည်၊ မည်မျှကြာကြာ ကျင်းပကြမည်အပါအဝင် ကင်းလှည့်ခြင်းဆိုင်ရာ သဘောတူညီချက် အသေးစိတ်ကို အပြီးသတ်ရေးဆွဲနေပြီဟု Financial Times သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ယခင်က ပူးတွဲကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ယခုအကြိမ်တွင်မူ ဂျပန်က ပထမဆုံးအကြိမ် ပါဝင်လာမည်ဖြစ်ပါတယ်။ဂျပန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံစလုံးသည် အမေရိကန်၏ မဟာမိတ်ဖြစ်ပါတယ်။

မနီလာနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ ထုတ်ပြန်မှုမှာတော့ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ကြား သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ လတ်တလော တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပျက်မှုများအကြောင်း ဆွေးနွေးမှုများမှာ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။သို့ရာတွင် ထိပ်သီးအစည်းအဝေးသည် မည်သည့်နိုင်ငံကိုမျှ ဦးတည်မည် မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး လက်ထောက်အတွင်းဝန် ဟန်စ်မိုဟိန်းမင် ဆီရီဘန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

ကင်းလှည့်မည့်အစီအစဉ်နဲ့ပတ်သက်ပြီး ဗွီအိုအေ၏ ကိုရီးယားသတင်းဌာနသို့ ယခုသီတင်းပတ်တွင် အီးမေးလ်မှတစ်ဆင့် မေးမြန်းရာမှာ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မာတင်မီနာစ်က အမေရိကန်အနေနဲ့ ဒေသတွင်း အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေမယ့် လုပ်ဆောင်ချက်တွေအတွက် စိုးရိမ်မိကြောင်းနဲ့ “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိခိုက်စေမှုကို ဟန့်တားထိန်းသိမ်းရန်” ၎င်း၏ မဟာမိတ်များ၊ မိတ်ဖက်များကို ကတိပြုထားကြောင်း ဆိုပါတယ်။

တောင်တရုတ်ပင်လယ်နှင့် အခြားနေရာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေမည့် သုံးနိုင်ငံအကြား ဧပြီလ ၁၁ ရက်နေ့ ထိပ်သီးအစည်းအဝေးသည် “သုံးနိုင်ငံကြား မကြုံစဖူး ထိတွေ့ဆက်ဆံမှု” အတွက် အချိန်အခါတစ်ခုဖြစ်ကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်တ်ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters/VOA