【 နိုင်ငံတကာ 】 ဘော်လ်တီမိုးတံတားကို ကွန်တိန်နာတင်သင်္ဘောတိုက်လို့ ပြိုကျရာ ကားများ မြစ်ထဲကျပြီး သေဆုံးမှုများနိုင်

【 နိုင်ငံတကာ 】 ဘော်လ်တီမိုးတံတားကို ကွန်တိန်နာတင်သင်္ဘောတိုက်လို့ ပြိုကျရာ ကားများ မြစ်ထဲကျပြီး သေဆုံးမှုများနိုင်

ဝါရှင်တန်၊ မတ် - ၂၇
 
အမေရိကန်ပြည်ထောင်စု ဘော်လ်တီမိုးဆိပ်ကမ်းရှိ လေးလမ်းသွား တံတားတစ်စင်းကို မတ် ၂၆ ရက် နံနက်အစောပိုင်းက အမှောင်ထုအတွင်း ၉၄၈ ပေ ရှည်လျားသည့် ကွန်တိန်နာသင်္ဘောတစ်စင်းက ဝင်တိုက်မိခဲ့ရာ တံတားပြိုကျပြီး မော်တော်ကားတွေနဲ့ လူတွေ မြစ်ထဲကို ပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။
 
၁.၆ မိုင် (၂.၅၇ ကီလိုမီတာ) ရှည်လျားသော ဖရန့်စ်စကော့ကီးတံတားကြီး ရေထဲပြိုကျပြီးနောက် ပတ်တပ်ပက်စကိုမြစ်ထဲတွင် နောက်ထပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများက အသက်ရှင် ကျန်ရစ်သူနှစ်ဦးကို ကယ်ထုတ်ခဲ့ပြီး တစ်ဦးမှာ အလွန်ပြင်းထန်သော အခြေအနေရှိနေကြောင်း ဆိုပါတယ်။
 
လူခုနစ်ဦးထက်မနည်း ရေထဲသို့ကျခဲ့ကြောင်း ဘော်လ်တီမိုးတာဝန်ရှိသူများက ပြောကြားသော် လည်း တံတားတိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာထိ ကိန်းဂဏန်းအတိအကျကို မပြောနိုင်သေးဘဲ အမေရိကန်ရှိ အလုပ်အများဆုံး ဆိပ်ကမ်းများထဲမှ တစ်ခုကို ပိတ်ပစ်ခဲ့ကြောင်း သိရပါတယ်။
 
အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြိုကျမှုအား ယနေ့နံနက် ၁ နာရီ ၂၇ မိနစ် တွင် အစီရင်ခံခဲ့ပြီး စင်ကာပူနိုင်ငံအလံပါ ကွန်တိန်နာသင်္ဘောမှ သတ္တုထုထည်ခုံပေါ်တက်သွားကာ တိုက်ချပြီးနောက်တပ်ဖွဲ့ဝင်များကို  ရှာဖွေရေးနှင့် ကယ်ဆယ်ရေးမစ်ရှင်အတွက် ဖြန့်ချထားခဲ့ကြောင်း ဆိုပါတယ်။
 
အဆိုပါတိုက်မှုနှင့်ပတ်သက်၍ သမ္မတ ဂျိုးဘိုင်ဒင်သို့ အကျဉ်းချုံးပြောကြားခဲ့ပြီး ဆိုးဝါးသော ရည်ရွယ်ချက်ကို ညွှန်ပြခြင်းမရှိကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
 
ပြိုကျချိန်တွင် အလုပ်သမားများက ပေ ၅၀ ခန့် နက်သော ရေအောက်ရှိ မော်တော်ယာဉ်များကို ဆိုနာဖြင့် တွေ့ရှိခဲ့ကြောင်း၊ မေရီလန်းသယ်ယူပို့ဆောင်ရေး အတွင်းရေးမှူး ပေါဝိုက်ဒီဖီးလ်က ပြောကြားခဲ့ပါတယ်။
 
သင်္ဘောသည် ဆိပ်ကမ်းမှ ထွက်ခွာလာစဉ် တွန်းကန်အား ပြတ်တောက်သွားကာ သင်္ဘောပေါ်ရှိ လိုက်ပါလာသည့် အမှုထမ်းများအနေဖြင့် သင်္ဘောကို မထိန်းချုပ်နိုင်တော့သဖြင့် မေရီလန်း တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ကြောင်း ABC News က ဖော်ပြခဲ့ပါတယ်။
 
နောက်ထပ်သတိပေးချက် မရသေးမီအထိ ဘော်လ်တီမိုးဆိပ်ကမ်းတွင် ယာဉ်အသွားအလာကို ရပ်ဆိုင်းထားကြောင်း မေရီလန်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
 
ဆိပ်ကမ်းအချက်အလက်အရ ယင်းဆိပ်ကမ်းမှာ မော်တော်ကား တင်ပို့မှုများအတွက် အစည်ကားဆုံး အမေရိကန်ဆိပ်ကမ်းတစ်ခုဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၇၅၀,၀၀၀ ကျော်ကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
 
တံတားကိုတိုက်သည့် သင်္ဘောမှာ Dali ဟု သိရပြီး Grace Ocean Pte Ltd မှ ပိုင်ဆိုင်ပြီး Synergy Marine Corp. Synergy မှ စီမံလည်ပတ်နေကာ Dali သည် တံတားတိုင်များအနက်မှ တစ်ခုနှင့် တိုက်မိခဲ့ကြောင်း၊ ရေယာဉ်မှူးနှစ်ဦးအပါအဝင် ရေယာဉ်အမှုထမ်းများအားလုံး ထိခိုက်ဒဏ်ရာရရှိမှု သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Reuters