【 နိုင်ငံတကာ 】 ယူကရိန်းကို တိုက်ခိုက်စဉ် ရုရှားက ပိုလန် လေပိုင်နက်ကို ချိုးဖောက်

【 နိုင်ငံတကာ 】 ယူကရိန်းကို တိုက်ခိုက်စဉ် ရုရှားက ပိုလန် လေပိုင်နက်ကို ချိုးဖောက်

ဝါဆော၊ မတ် - ၂၅

တနင်္ဂနွေနေ့ အစောပိုင်းတွင် ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှ ပစ်မှတ်များကို ပစ်ခတ်သည့် ရုရှား ဒုံးကျည်တစ်ခုသည် ပိုလန် လေကြောင်းပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း ပိုလန်လက်နက်ကိုင်တပ်များ ပြောပါတယ်။

ထိုအစောပိုင်းနာရီများတွင် ရုရှားသည် ကိယက်ဗ်နှင့် ပိုလန်နယ်စပ်အနီး အယ်ဗစ်အနောက်ပိုင်းဒေသများအပါအဝင် ယူကရိန်းကို ဒုံးကျည်နှင့် ဒရုန်း ၅၇ ခု ပစ်ခတ်ခဲ့ပါတယ်။

“မတ်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၂၃ မိနစ်မှာ ရုရှားဖက်ဒရေးရှင်းက ပစ်ခတ်တဲ့ တာဝေးပစ် ဒုံးကျည်များအနက် တစ်ခုဟာ ပိုလန်လေကြောင်းပိုင်နက်ကို ချိုးဖောက်ခဲ့တယ်” ဟု ပိုလန်လက်နက်ကိုင်တပ်များက လူမှုကွန်ရက် X တွင် တင်ခဲ့ပါတယ်။

“ပိုလန်လေပိုင်နက် အော့ဆာဒိုးမြို့နားကနေ ဝင်လာပြီး လေထဲမှာ ၃၉ စက္ကန့်ရှိနေခဲ့ကြောင်း စစ်ဘက်ရေဒါစနစ်များက တွေ့ရှိခဲ့တယ်” ဟု ဆက်လက်ဖော်ပြခဲ့ပါတယ်။

ထိုလေပိုင်နက်ချိုးဖောက်မှုအတွက် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားသံအမတ်ကို ဆင့်ခေါ်ရန် ရည်ရွယ်ကြောင်း ပိုလန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရက် ဆဇက်နာက ပုဂ္ဂလိက ရုပ်သံဌာန Polsat News သို့ ပြောပါတယ်။

ယူကရိန်းပိုင်နက်နှင့် ထိုနေရာများတွင် နေထိုင်သူများကို အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုများရပ်ရန်၊ စစ်ပွဲအဆုံးသတ်ရန်နှင့် ပြည်တွင်းပြဿနာများကိုသာ ဖြေရှင်းရန် ပိုလန်က ရုရှားကို တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ကြေညာချက်တစ်စောင်တွင် ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters