【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholz နှင့် တွေ့ဆုံနှုတ်ဆက်

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholz နှင့် တွေ့ဆုံနှုတ်ဆက်

ပေကျင်း၊ ဧပြီ - ၁၆
 
ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့ရှိ တျောက်ယွီထိုင်-နိုင်ငံတော် ဧည့်ဂေဟာတွင် အလည်အပတ်ရောက်ရှိနေသော ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholz နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။
 
ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖျင်က ယခုနှစ်သည် တရုတ်-ဂျာမဏီ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုထားရှိသည့် ၁၀ နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နိုင်ငံတကာအခြေအနေ ကြီးမားစွာ ပြောင်းလဲခဲ့သော်လည်း တရုတ်-ဂျာမဏီ ဆက်ဆံမှုသည် အစဉ်တစိုက် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ တရုတ်နှင့် ဂျာမဏီ နှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယနှင့် တတိယ အကြီးဆုံး စီးပွားရေးအုပ်စုဖြစ်ကြောင်း၊ တရုတ်-ဂျာမဏီ ဆက်ဆံမှု ခိုင်မာတိုးတက်စေရေး၏ အနက်အဓိပ္ပါယ်သည် နှစ်ဖက်ဆက်ဆံမှု နယ်ပယ်ကို ကျော်လွန်ပြီး Eurasia အပါအဝင် တစ်ကမ္ဘာလုံးအတွက် အရေးကြီးကြောင်း၊ နှစ်နိုင်ငံတို့သည် ရေရှည်ရှုထောင့်နှင့် မဟာဗျူဟာ ရှုထောင့်မှနေ နှစ်နိုင်ငံ ဆက်ဆံရေးကို ရှုမြင်ပြီး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သင့်ကာ ကမ္ဘာအတွက် ပိုမိုများပြားသည့် တည်ငြိမ်မှုနှင့် သေချာမှုများကို လက်တွဲဖော်ဆောင်ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
 
Scholz က လက်ရှိတွင် ဂျာမဏီ-တရုတ် ဆက်ဆံမှုသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အလွှာပေါင်းစုံနှင့် နယ်ပယ်ပေါင်းစုံမှ နှစ်နိုင်ငံသည် ရင်းနှီးသော ကူးလူးဖလှယ်မှုများကို ပြုလုပ်ကြောင်း၊ လွန်ခဲ့သည့် ၂ ရက်တွင် မိမိနှင့် ဂျာမဏီလုပ်ငန်းကုမ္ပဏီ နယ်ပယ်မှ ကိုယ်စားလှယ်များသည် ချုံချင့်နှင့် ရှန်ဟိုင်း စသည့် မြို့များကို ခရီးလှည့်လည်ပြီး မကြာခင်နှစ်များတွင် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၌ ရရှိခဲ့သော အောင်မြင်မှုများကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ကြောင်း၊ ဂျာမဏီနှင့် တရုတ် နှစ်နိုင်ငံလုပ်ငန်းကုမ္ပဏီများအကြားရှိ ကောင်းမွန်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို သဘောကျကြောင်း၊ ဂျာမဏီသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံမှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပြီး နယ်ပယ် အသီးသီးတွင် နှစ်ဖက်ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။