【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၂၆

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံခဲ့ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က ယခုနှစ်သည် တရုတ်နှင့် အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း၊ ၄၅ နှစ်အတွင်း တရုတ်နှင့် အမေရိကန် ဆက်ဆံမှုတွင် အဖြစ်အပျက်များစွာတို့သည် အောက်ပါ အရေးကြီးအချက်များကို ပြသနေကြောင်း၊ နှစ်နိုင်ငံတို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်ဖြစ်သင့်ကြောင်း၊ အချင်းချင်းထိခိုက်ခြင်းမဟုတ်ဘဲ အချင်းချင်းထောက်ခံသင့်ကြောင်း၊ ဆိုးရွားစွာ ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ကွဲလွဲမှုများဖယ်ရှားပြီး တူညီမှုများကို ရှာကြံသင့်ကြောင်း၊ ပြောတာတစ်မျိုး လုပ်တာတစ်မျိုး မဟုတ်ဘဲ ကတိပြုထားသည့်အတိုင်း ဆောင်ရွက်သင့်ကြောင်း၊ မိမိတင်ပြသော အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့် မူသုံးရပ်သည် အတိတ်က အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ထားခြင်းအပြင် အနာဂတ်သို့ လျှောက်လှမ်းရန် လမ်းညွှန်ဦးတည်ချက်လည်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှီကျင့်ဖျင်က ကမ္ဘာကြီး ရာစုနှစ်ပြောင်းလဲမှုများ နက်ရှိုင်းစွာဖြစ်ပွားနေပြီး နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးနေကာ တရုတ်နှင့် အမေရိကန်တို့ ဆွေးနွေးမှုကို တိုးမြှင့်ပြီး သဘောကွဲလွဲမှုများကို ထိန်းချုပ်၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ ကျယ်ပြန့်သော ဆန္ဒသာမကဘဲ နိုင်ငံတကာမိသားစုကြီး၏ ဘုံမျှော်မှန်းချက်လည်းဖြစ်ကြောင်း၊ ကမ္ဘာလုံးသည် ကြီးမားသောကြောင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ စည်ပင်သာယာခြင်းများ ဝင်ဆံ့နိုင်ပါကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ယုံကြည်စိတ်ရှိပြီး တံခါးဖွင့်သည့် စည်ပင်သာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် အမေရိကန်နိုင်ငံကို မြင်လိုပါကြောင်း၊ အမေရိကန်သည်လည်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အပြုသဘောဆောင်သောဘက်မှ မြင်နိုင်ရန် မျှော်လင့်ကြောင်း၊ ဤအရင်းခံ ပြဿနာကို ဖြေရှင်းပြီး “ပထမဆုံး ကြယ်သီး” ကို ကောင်းအောင် တပ်ပြီးပါက တရုတ်နှင့် အမေရိကန် ဆက်ဆံမှုသည် အမှန်တကယ် တည်ငြိမ်ကောင်းမွန်လာကာ ရှေ့သို့လျှောက်လှမ်းသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်လို့ China Media Group သတင်းအရ သိရပါတယ်။