【 နိုင်ငံတကာ 】 ရှီနှင့် ဘိုင်ဒင်အကြား ဖုန်းပြောကြားမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မှတ်ချက်များ

【 နိုင်ငံတကာ 】 ရှီနှင့် ဘိုင်ဒင်အကြား ဖုန်းပြောကြားမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မှတ်ချက်များ

ပေကျင်း၊ ဧပြီ - ၅

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အကြား ဖုန်းဖြင့်ဆက်သွယ်မှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် မီဒီယာမေးခွန်းများကို ဖြေကြားခဲ့ပါတယ်။

အင်္ဂါနေ့က တရုတ်နှင့် အမေရိကန် သမ္မတများ ဖုန်းဖြင့်ဆက်သွယ်စဉ် သမ္မတ ဘိုင်ဒင်က ရန်အိုင်ကျောင်၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၊ ရှင်းကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှင်ကျောင်န်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကြောင်း ပြောသည်ဟု အမေရိကန်ဘက်က ပြောပါတယ်။

အမေရိကန်ဘက်က တရုတ်အနေဖြင့် ရုရှားကို ထောက်ခံမှု ရပ်ဆိုင်းရန်နှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာတွင် ပိုမိုကြီးမားသောအခန်းမှ ပါဝင်ရန်လည်း တရုတ်ကို အမေရိကန်ဘက်က တိုက်တွန်းသည်ဟု ဖော်ပြခဲ့ပါတယ်။

သက်ဆိုင်ရာမေးမြန်းမှုနှင့်ပတ်သက်ပြီး ပြောခွင့်ရသူ ဝမ်ဝေဘင်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် ထိုဖုန်းဖြင့်ဆက်သွယ်မှုအတွင်း တရုတ်ဘက်က တရုတ်နိုင်ငံသည် နန်ရှာချွန်ဒေါင်နှင့် ပတ်ဝန်းကျင် ရေပိုင်နက်များအပေါ် အချုပ်အခြာအာဏာပိုင်ကြောင်း အငြင်းပွားဖွယ်မရှိဟု ဖော်ပြခဲ့ပါတယ်။

ထိုအချုပ်အခြာအာဏာသည် ရန်အိုင်ကျောင်အပါအဝင် ကျွန်းများ၊ သန္တာကျောက်တန်းများ၊ ကမ်းဦးရေတိမ်ဒေသများနှင့် ကျောက်ဆောင်ကျောက်တန်းများအထိ သက်ရောက်သည်ဟု ပြောပါတယ်။

ရန်အိုင်ကျောင်ပြဿနာ၏ အဓိကအကြောင်းရင်းသည် ဖိလစ်ပိုင်က ၎င်းတို့ကတိများကို ၎င်းတို့ အကြိမ်ကြိမ်ရုပ်သိမ်းပြီး ရန်အိုင်ကျောင်ကို အမြဲတမ်းသိမ်းပိုက်ရန် တရုတ်နိုင်ငံပိုင် လူမနေသည့် သန္တာကျောက်တန်းတွင် အမြဲတမ်းစခန်းတစ်ခု တည်ဆောက်ရန် ကြိုးစားပြီး ထိုကိစ္စသည် တရားမဝင်သောကြောင့်ဖြစ်သည်ဟု ဝမ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တောင်တရုတ်ပင်လယ်ပြဿနာနှင့်မပတ်သက်ဘဲ တရုတ်နှင့် ဖိလစ်ပိုင်အကြား ကြားဝင်မစွက်ဖက်သင့်ပေ။တရုတ်နိုင်ငံသည် ၎င်း၏ပိုင်နက် အချုပ်အခြာအာဏာနှင့် ရေကြောင်းအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အသင့်ရှိကြောင်း သူကပြောပါတယ်။

“ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ ဟောင်ကောင်ဖြစ်ကြောင်း တရုတ်ဘက်က ပြောကြားပြီး ဟောင်ကောင်အရေးဟာ တရုတ်ပြည်တွင်းရေးသက်သက်ဖြစ်ကြောင်း တရုတ်ဘက်က ရှင်းလင်းစွာပြောခဲ့တယ်” ဟုလည်း ဝမ်က ပြောပါတယ်။

ဟောင်ကောင်အခြေခံဥပဒေပုဒ်မ ၂၃ ကို ပြီးပြည့်စုံအောင်လုပ်ခြင်းသည် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ဖြစ်ပါတယ်။ထိုဥပဒေသည် ဟောင်ကောင်ဒေသခံများ၏ ဘဝသာယာစိုပြေရေးနှင့် ကမ္ဘာတစ်ဝန်းမှ ဟောင်ကောင်တွင် လာရောက်ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားဖြစ်ပါတယ်။ ထိုဥပဒေသည် ဟောင်ကောင်ဒေသခံများ ဥပဒေနှင့်အညီ ခံစားနေသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ထိခိုက်စေမည်မဟုတ်ကြောင်း ဝမ်က ပြော ပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားရန်လိုပြီး ဝင်ရောက်စွက်ဖက်ရန် မစဉ်းစားရုံသာမက မနှောင့်ယှက်သင့်ကြောင်းလည်း သူကပြောပါတယ်။

“တရုတ်နိုင်ငံဘက်က ရှင်ကျန်းနဲ့ ရှင်ကျောင်ဟာ တရုတ်ပြည်တွင်းရေးသာဖြစ်ကြောင်း အလေးထားပြောတယ်” ဟု ဝမ်ပြောကြားပြီး မည်သည့်နိုင်ငံမျှ လူ့အခွင့်အရေးကို လက်ဝါးကြီးမအုပ်သင့်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံသည် လူ့အခွင့်အရေးကာကွယ်ခြင်းကို လွန်စွာအလေးထားသည်။နိုင်ငံတစ်နိုင်ငံမှ ပြည်သူများသည် ထိုနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ဆုံးဖြတ်ရန် အကောင်းဆုံးအနေအထားတွင်ရှိကြောင်းလည်း သူကပြောပါတယ်။ တရုတ်နိုင်ငံသည် အပြန်အလှန်လေးစားမှုအခြေခံဖြင့် လူ့အခွင့်အရေးကိစ္စများတွင် အမေရိကန်ပြည်ထောင်စုနှင့် ဖလှယ်လိုသော်လည်း လူ့အခွင့်အရေးအကြောင်းပြချက်ဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား မိမိတို့အခိုင်အမာဆန့်ကျင်သည်ဟု သူကပြောပါတယ်။

“ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့သဘောထားက တစ်သမတ်တည်းရှိပြီး ရှင်းလင်းပြတ်သား ပွင့်လင်းတယ်” ဟု ဝမ်ပြောကြားပြီး ထိုအကျပ်အတည်းသည် အခြေအနေပိုမိုဆိုးရွားလာပြီး တင်းမာလာမည့် အန္တရာယ်ရှိကြောင်း၊ ထိုပဋိပက္ခကို တိုက်ခိုက်မှုအစား ညှိနှိုင်းဆွေးနွေးမှုဖြင့် အဆုံးသတ်ရန် တင်းမာမှု လျှော့ချသင့်ကြောင်း ဆက်လက်ပြောပါတယ်။

နိုင်ငံရေးအရ ဖြေရှင်းရာတွင် နိုင်သူ၊ ရှုံးသူ မရှိသင့်ကြောင်း သူကပြောပါတယ်။ငြိမ်းချမ်းရေးသာ နိုင်သင့်သည်ဟု သူကပြောပါတယ်။တရုတ်နိုင်ငံသည် ထိုကိစ္စတွင် အပြုသဘောဖြင့် ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း သူကပြောပါတယ်။

တရုတ်သည် ထိုပဋိပက္ခကို ဖန်တီးသူ မဟုတ်သလို ထိုပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူမဟုတ်ဘဲ မည်သည့်ဘက်ကိုမျှ လူသတ်လက်နက် မထောက်ပံ့ခဲ့ကြောင်း ဝမ်က အလေးထားပြောခဲ့ပါတယ်။

“ကျနော်တို့က ပဋိပက္ခကနေ အမြတ်မထုတ်ခဲ့သလို နောင်လည်း အမြတ်ထုတ်မှာ မဟုတ်ဘူး။အခြားနိုင်ငံတွေက တရုတ်နဲ့ ရုရှားအကြား ပုံမှန်ဆက်ဆံရေးကို အသရေဖျက် မတိုက်ခိုက်သင့်ဘူး၊ တရုတ်နဲ့ တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးကို မထိပါးသင့်ဘူး။တရုတ်အပေါ် အပြစ်လွှဲမချသင့်ဘူး။အုပ်စုဖွဲ့ ထိပ်တိုက်တွေ့တာမျိုး မလှုံ့ဆော်သင့်ဘူး” ဟု သူကပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်ပြဿနာသည် နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး အကြောင်းအရင်းသည် ရှင်းလင်းပါတယ်။ယခုအချိန်တွင် အရေးကြီးသည်မှာ ဟန့်တားရေး လုပ်ရပ်များနှင့် ဖိအားပေးခြင်း လုပ်ရပ်များကို ရှောင်ရှားပြီး ထိပ်တိုက်တွေ့မှု သံသရာမှ ထွက်ခွာရေးဖြစ်ကြောင်း ဝမ် သတိပေးခဲ့ပါတယ်။

အခြေခံကျသော ဖြေရှင်းမှုသည် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြန်လည်စတင်ပြီး သက်ဆိုင်သူအားလုံး၏ လုံခြုံရေး စိုးရိမ်ပူပန်မှုများ အထူးသဖြင့် မြောက်ကိုရီးယား၏ စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းကာ ကိုရီးယားကျွန်းဆွယ်ပြဿနာတွင် နိုင်ငံရေးအရ အဖြေရှာရေးဖြစ်ကြောင်း ဝမ်က ပြောပါတယ်။

“အရှေ့မြောက်အာရှက ဖရိုဖရဲတိုက်ခိုက်မှုတွေက ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။ကိုရီးယားကျွန်းဆွယ်ပြဿနာရဲ့ အဓိကအချက်က အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားကြားမှာရှိပြီး ဒီပြဿနာမှာ သော့ချက်ကိုင်ထားတာ အမေရိကန်ပြည်ထောင်စုသာဖြစ်တယ်” ဟု သူကပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG