【 နိုင်ငံတကာ 】 လစ်ဗျားအရှေ့ပိုင်းမှာ ရေကြီးရေလွှမ်းလို့ လူ ၂၀၀၀ သေဆုံးကာ ထောင်နှင့်ချီပျောက်ဆုံးနေ

【 နိုင်ငံတကာ 】 လစ်ဗျားအရှေ့ပိုင်းမှာ ရေကြီးရေလွှမ်းလို့ လူ ၂၀၀၀ သေဆုံးကာ ထောင်နှင့်ချီပျောက်ဆုံးနေ

ဘန်ဂါဇီ၊ စက်တင်ဘာ - ၁၂

မုန်တိုင်းနှင့် သည်းထန်စွာ မိုးရွာသွန်းပြီးနောက် လစ်ဗျားအရှေ့ပိုင်းရှိ ဒါနာမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀၀၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း လစ်ဗျားအာဏာပိုင်များက ပြောခဲ့ပါတယ်။

ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲမှာ လစ်ဗျားနိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်ထားတဲ့ လစ်ဗျားအမျိုးသားတပ်မတော် (LNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာမက်မီဆာမာရီက ဒါနာအပေါ်ပိုင်းမှာရှိတဲ့ ဆည်တွေပြိုကျလို့ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တာလို့ ပြောခဲ့ပြီး “ရေကြီးမှုကြောင့် ဒေသခံတွေနေတဲ့ ရပ်ကွက်တစ်ခုလုံး ပင်လယ်ထဲရောက်သွားတယ်” ဟု ပြောခဲ့ပါတယ်။

မီဆာမာရီက ပျောက်ဆုံးသူအရေအတွက်ကို ၅၀၀၀ နဲ့ ၆၀၀၀ ကြား သတ်မှတ်ခဲ့ပါတယ်။

ဒေသတွင်းရှိ လခြမ်းနီအကူအညီပေးရေးအဖွဲ့ အကြီးအကဲဖြစ်သူက ဒါနာမှာ သေဆုံးသူအရေအတွက်ကို ၁၅၀ ရှိပြီး ၂၅၀ အထိရှိလာနိုင်တယ်လို့ တနင်္လာနေ့ အစောပိုင်းက ခန့်မှန်းပြောခဲ့ပါတယ်။ယင်းသေဆုံးသူဦးရေကို ရိုက်တာက အတည်မပြုနိုင်သေးပေ။

ထရီပိုလီရှိ နိုင်ငံတကာအသိအမှတ်ပြု အစိုးရမှာ လစ်ဗျားအရှေ့ပိုင်းဒေသများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ထရီပိုလီရှိ ကွဲပြားနေသော နိုင်ငံကို အဖွဲ့ဝင်သုံးဦးပါသည့် သမ္မတကောင်စီက နိုင်ငံတကာအသိုင်းအဝိုင်းအား ရေဘေးအကူအညီပေးရန် တောင်းခံခဲ့ပါတယ်။

၎င်းနှင့်အပြိုင် အရှေ့ဘက်အခြေစိုက် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ အိုစမာဟာမက်က လူပေါင်း ၂၀၀၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း ဒေသတွင်း ရုပ်မြင်သံကြားသို့ ပြောကြားခဲ့ပါတယ်။

“ပျောက်ဆုံးနေသူတွေဟာ ထောင်နဲ့ချီပြီး သေဆုံးသူ ၂၀၀၀ ကျော်သွားပြီ” ဟု အိုစမာဟာမက်က al-Masar TV သို့ ပြောကြားခဲ့ပါတယ်။

“ဒါနာရှိ ရပ်ကွက်တစ်ခုလုံး အဲဒီမှာနေထိုင်သူများနှင့်အတူ ... ရေဖြင့်မျောပါသွားခဲ့တယ်” လို့လည်း ဆက်ပြောပါတယ်။

၎င်းရေလွှမ်းမိုးမှုအတွင်း (LNA) အဖွဲ့ဝင် ခုနစ်ဦးပါ သေဆုံးခဲ့ကြောင်း မီဆာမာရီက ပြောကြားခဲ့ပါတယ်။

မြို့အနီးရှိ ချိုင့်ဝှမ်းတစ်ခုတွင်နေသည့် ဒါနာမြို့ခံ ဆာလက်အယ်လ်အိုဘိုင်ဒီက သူသည် အိမ်များပြိုကျသော်လည်း မိသားစုနှင့်အတူ ထွက်ပြေးနိုင်ခဲ့သည်ဟု ဆိုပါတယ်။

“လူတွေက အိပ်ပျော်ပြီး နိုးလာတော့ သူတို့ရဲ့အိမ်တွေကို ရေတွေက ဝိုင်းထားတယ်” ဟု ၎င်းက ရိုက်တာသို့ ပြောကြားခဲ့ပါတယ်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ရေသည် ၃ မီတာသို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

Linko
Ref - Reuters