【 နိုင်ငံတကာ 】 အာကာသထဲ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှု တားဆီးရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချ

【 နိုင်ငံတကာ 】 အာကာသထဲ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှု တားဆီးရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချ

နယူးယောက်၊ ဧပြီ - ၂၆

အာကာသပြင်ပတွင် အန္တရာယ်များသည့် နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို တားဆီးရန် နိုင်ငံအားလုံးကို တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည် ညစ်ပတ်သောလုပ်ရပ်ဖြစ်သည်ဟုဆိုကာ ရုရှားနိုင်ငံက ဗီတိုဖြင့် ပယ်ချလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်တို့က ကမကထပြုသည့် ထိုဆုံးဖြတ်ချက်တွင် နိုင်ငံများ အနေဖြင့် နျူကလီးယားလက်နက် (သို့မဟုတ်) ဖျက်အားပြင်းလက်နက်များကို အာကာသတွင် မထုတ်လုပ် (သို့မဟုတ်) မဖြန့်ကြက်ရန် တောင်းဆိုထားတာဖြစ်ပါတယ်။

ထိုလက်နက်များကို ၁၉၆၇ ခုနှစ် နိုင်ငံတကာ သဘောတူစာချုပ်တစ်ခုဖြင့် ပိတ်ပင်ထားပြီးဖြစ်ပါတယ်။

“ဒီနေ့ဗီတိုဟာ ဘာကြောင့်လဲလို့ မေးစရာဖြစ်စေတယ်။စည်းမျဉ်းတွေကို လိုက်နာနေတယ်ဆိုရင် အဲဒီစည်းမျဉ်းတွေကို ထပ်မည်အတည်ပြုတဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့် မထောက်ခံတာလဲလို့ မေးစရာဖြစ်စေတယ်” ဟု မဲခွဲပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ် ပြောခဲ့ပါတယ်။

မော်စကိုသည် အာကာသတွင် နျူကလီးယားလက်နက်များ ဖြန့်ကြက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရုရှားသမ္မတ ပူတင် ပြောခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အထက်ပါမှတ်ချက်ကို သောမတ်စ် ဂရင်းဖီးလ် ပြောကြားခြင်းဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်စလီ နီဘန်ဇီယာက ထိုဆုံးဖြတ်ချက်သည် လုံးဝကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ နိုင်ငံရေးပယောဂဖြစ်သည်ဟု ပယ်ချပြီး အာကာသမှာ လက်နက်အားလုံး တားမြစ်ပိတ်ပင်ရမယ်လို့ ဒီဆုံးဖြတ်ချက် မဖော်ပြဘူးဟု ပြောခဲ့ပါတယ်။

လုံခြုံရေးကောင်စီတွင် မဲခွဲသောအခါ အဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံပြီး ရုရှားက ကန့်ကွက်ကာ တရုတ်က မဲမပေးဘဲ နေပါတယ်။

ရုရှားနှင့် တရုတ်တို့က ထိုဆုံးဖြတ်ချက်တွင် နိုင်ငံအားလုံး အထူးသဖြင့် အဓိကအာကာသစွမ်းရည်ရှိသည့် နိုင်ငံများအနေဖြင့် လက်နက်များကို အာကာသတွင်ထားခြင်းကို အမြဲတမ်းထားရှိခြင်းနှင့် အာကာသတွင် အင်အားပြ ခြိမ်းခြောက်ခြင်းကို ပိတ်ပင်ရမည်ဆိုသည့် ပြင်ဆင်ချက်ကို ထည့်သွင်းလိုပါတယ်။

သို့သော် အမေရိကန်ပြည်ထောင်စုက ထိုပြင်ဆင်ချက်ကို ဆန့်ကျင်ပါတယ်။

မဲခွဲပြီးသောအခါ နီဘန်ဇီယာက “အာကာသထဲမှာ ဖျက်အားပြင်းလက်နက်သာမက ဘာလက်နက်မှ မထားဖို့ တားမြစ်တာကို ကျနော်တို့ လိုချင်တာ။ဒါပေမဲ့ ခင်ဗျားတို့က အဲဒါကို မလိုချင်ဘူး။ကျနော်ကလည်း ခင်ဗျားတို့မေးသလို ဘာကြောင့်လဲလို့ပဲ မေးရမှာပဲ” ဟု ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - The Guardian