【ပြည်တွင်း】ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေ

【ပြည်တွင်း】ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေ

ရန်ကုန်၊ မတ် ၂၁

အလုပ်ရှင်မှ အမှန်တကယ်ခေါ်ယူခြင်းမရှိသည့် Demend Letter များကို ဦးစီးဌာနသို့တင်ကာ ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် Safe Migration က ထုတ်ပြန်ထားပါတယ်။

အချို့အေဂျင်စီများသည် ဦးစီးဌာနကို Demand letter တင်ပြီး ဦးစီးဌာနမှသက်ဆိုင်ရာ သံရုံးကိုစိစစ်ရန် ပေးပို့ချိန်တွင် စိစစ်ခံမှုမရှိခြင်း၊ ထောက်ခံချက်သွားမယူခြင်း၊ သို့သော်လည်း ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားသည့်စာအား အေဂျင်စီသို့ မိတ္တူပေပို့သည်ကို အခွင့်ကောင်းယူကာ အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကောက်ခံခြင်း၊ အလုပ်သမားများမှ ‌အချိန်မီပြည်ပမထွက်ခွာရ၍ အေဂျင်စီထံဆက်သွယ်ရာတွင် ဦးစီဌာနမှ ခွင့်မပြုသေး၍ မစေလွှတ်နိုင်သည့်ပုံစံဖြင့်လွှဲချခြင်း စသည့်အပြုအမူများလုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိနေရပြီး အထူးသဖြင့် မလေးရှား Demend Letter ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မှန်မှန်ကန်ကန်တင်ပြလာသည့် အလုပ်ခေါ်စာများ၊ OWIC ပြုလုပ်ခွင့်များကို အမြန်ဆုံး စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနသို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့် အေဂျင်စီများကို စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီလိုင်စင် ခွင့်ပြုထုတ်ပေးထားခြင်းသည် ပြည်သူများအပေါ် ပြည်ပသို့ သွားရောက်မည့်သူများအပေါ်  လိမ်လည်လှည့်ဖြားရန်အတွက် မဟုတ်ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံး ကျင့်ဝတ်နှင့်ညီသော အေဂျင်စီကောင်းများ ဖြစ်စေလိုကြောင်း ထုတ်ပြန်ထားပါတယ်။

လင်းလင်း