【 ပြည်တွင်း 】 ကံပိုင်တည်နယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ သန်း ၂၀၀ ကျော်ရှိ

【 ပြည်တွင်း 】 ကံပိုင်တည်နယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ သန်း ၂၀၀ ကျော်ရှိ

ရန်ကုန်၊ ဧပြီ - ၁၆
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂၀၈ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။
 
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်နှစ်အတွင်းမှာ ပို့ကုန်ဒေါ်လာ ၁၇၈ သန်းကျော် တင်ပို့ခဲ့ရပြီး သွင်းကုန်အနေဖြင့် ဒေါ်လာ သန်း ၃၀ နီးပါး တင်သွင်းခဲ့ခြင်းဖြစ်တယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာ အဆိုပါကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၂၄ သန်းကျော်သာရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၂၀၀ ကျော်ခဲ့ခြင်းကြောင့် အရင်နှစ် အလားတူကာလထက် ဒေါ်လာ သန်း ၈၀ ကျော် တိုးလာခြင်းဖြစ်ပါတယ်။
 
ကံပိုင်တည်နယ်စပ်ကနေ တရုတ်ဘက်သို့ အဓိကတင်ပို့ခဲ့ရသည့် ပို့ကုန်များမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ နှမ်း၊ ပဲယင်း၊ ပဲလွန်း၊ မြေပဲဆံ၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ထောပတ်ပဲ၊ ပဲတောင့်ရှည်၊ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ မကျည်းသီး (အစေ့ပါ)၊ သခွားမွှေး၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတု၊ ဝါး၊ လောင်စာတောင့်နှင့် သန့်စင်ပြီး သံမှုန့်တို့ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အလားတူ တရုတ်ဘက်မှ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP စတဲ့ ပစ္စည်းများ တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အောင်အောင်