【 ပြည်တွင်း 】 ချင်းရွှေဟော်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ကာလတူထက် နှစ်ဆကျော်များ

【 ပြည်တွင်း 】 ချင်းရွှေဟော်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ကာလတူထက် နှစ်ဆကျော်များ

ရန်ကုန်၊ မတ် - ၂၆

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ချင်းရွှေဟော်နယ်စပ်မှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ယခင်နှစ်အလားတူကာလထက် နှစ်ဆကျော်များနေဆဲဖြစ်ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လ ၁၅ ရက်အထိ ၁၁ လခွဲကာလအတွင်းမှာ ချင်းရွှေဟော်နယ်စပ်မှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၃၁၈ သန်းကျော်သာရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် အလားတူကာလတွင် ကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိ ကုန်သွယ်မှုပြုလုပ်ထားခြင်းဖြစ်ပါတယ်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လခွဲအတွင်း ချင်းရွှေဟော်နယ်စပ်မှ ကုန်သွယ်မှုပြုလုပ်ရာတွင် ပို့ကုန် ကန်ဒေါ်လာ ၁၇၄ သန်းကျော်နှင့် သွင်းကုန် ကန်ဒေါ်လာ ၅၂၈ သန်းကျော်ရှိခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ် အောက်တိုဘာလကုန်ပိုင်းကစ၍ နယ်မြေမတည်ငြိမ်မှုအခြေအနေများကြောင့် အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးလုပ်ငန်းများ ၅ လနီးပါးကြာ ရပ်တန့်ခဲ့ခြင်းဖြစ်သော်လည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုတန်ဖိုးဟာ နှစ်ဆကျော်တိုးနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကံပိုင်တည်၊ လွယ်ဂျယ်နှင့် ကျိုင်းတုံ နယ်စပ်ဂိတ်များကသာ ကုန်သွယ်မှုပြုလုပ်နိုင်တာဖြစ်ပြီး အဓိကကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်တဲ့ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကတော့ ရပ်တန့်နေဆဲဖြစ်ပါတယ်။

အောင်အောင်