【 ပြည်တွင်း 】 တစ်နှစ်အတွင်း ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့

【 ပြည်တွင်း 】 တစ်နှစ်အတွင်း ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့

ရန်ကုန်၊ ဧပြီ - ၂၂

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တစ်နှစ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၄၂၈ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် စသည့် ကုန်သွယ်ရေးစခန်းများကနေ ကုန်သွယ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကုန်သွယ်ရေးစခန်းအားလုံးကနေ ပို့ကုန် ဒေါ်လာ  ၃၁၅၃.၅၂၉ သန်းနှင့် သွင်းကုန် ၁၂၇၅.၃၂၀ သန်းဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအများဆုံး ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပို့ကုန် ဒေါ်လာ ၂၄၉၈.၉၃၅ သန်းနှင့် သွင်းကုန် ဒေါ်လာ ၁၉၅.၅၅၄ သန်းဖြင့် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၆၉၄.၄၈၉ သန်းရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ဘက်နိုင်ငံများထဲတွင် ထိုင်းနိုင်ငံက ဒေါ်လာ သန်း ၄၄၀၀ ကျော်ဖြင့် ကုန်သွယ်မှုအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံဖြင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာသန်း ၃၃၀၀ နီးပါးဖြင့် ဒုတိယအများဆုံးဖြစ်တယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ပို့ကုန် ဒေါ်လာ ၃၄၇၉.၈၆၈ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အနေဖြင့် ဒေါ်လာ ၁၈၇၆.၀၇၆ သန်း တန်ဖိုး တင်သွင်းခဲ့ရပြီး စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၅၃၅၅.၉၄၄ သန်းရှိခဲ့ကြောင်း သိရပါတယ်။

အောင်အောင်