【 ပြည်တွင်း 】 တစ်နှစ်အတွင်း မတ်ပဲ တင်ပို့မှုမှ ကန်ဒေါ်လာ ၇၂၄ သန်းကျော်ရရှိ

【 ပြည်တွင်း 】 တစ်နှစ်အတွင်း မတ်ပဲ တင်ပို့မှုမှ ကန်ဒေါ်လာ ၇၂၄ သန်းကျော်ရရှိ

ရန်ကုန်၊ ဧပြီ - ၁၈
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ပြည်ပနိုင်ငံအသီးသီးသို့ မတ်ပဲ တင်ပို့မှုမှ ကန်ဒေါ်လာ ၇၂၄ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ဧပြီလမှ မတ်ကုန်အထိ တစ်နှစ်တာကာလအတွင်း မတ်ပဲ တန်ချိန် ၇၈၀,၀၀၀ ကျော် တင်ပို့ခဲ့ရပြီး ကန်ဒေါ်လာ ၇၂၄ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
 
ပြည်ပသို့ မတ်ပဲ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ မတ်ပဲ တန်ချိန် ၇၈၁,၀၀၀ ကျော်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တန်ချိန် ၂၇၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။
 
ပြည်တွင်းကနေ ထွက်ရှိတဲ့ မတ်ပဲများကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့ရကြောင်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း ပြည်ပနိုင်ငံများသို့ နည်းလမ်းနှစ်သွယ်မှ မတ်ပဲ တန်ချိန် ၆ သိန်းခွဲနီးပါး တင်ပို့ခဲ့ရပြီး ကန်ဒေါ်လာ သန်း ၅၃၀ ကျော် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
အလားအတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာလည်း ပြည်ပနိုင်ငံအသီးသီးသို့ ပဲမျိုးစုံ တန်ချိန် ၁၇ သိန်းကျော် တင်ပို့ခဲ့ရပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါး ရရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။
 
လင်းလင်း