【 ပြည်တွင်း 】 ထန်းလက်တောင်းတွေ ရောင်းအားကောင်းပေမယ့် ကုန်ကြမ်းရှားပါးမှုကြောင့် အခက်တွေ့နေ

【 ပြည်တွင်း 】 ထန်းလက်တောင်းတွေ ရောင်းအားကောင်းပေမယ့် ကုန်ကြမ်းရှားပါးမှုကြောင့် အခက်တွေ့နေ

မန္တလေး၊ မတ် - ၄

ထန်းလက်နဲ့ ပြုလုပ်ထားတဲ့ တောင်းတွေက လတ်တလောရောင်းအားကောင်းနေပေမယ့် ကုန်ကြမ်းရှားပါး ပြတ်လပ်မှုကြောင့် အခက်တွေ့နေရတယ်လို့ အညာဒေသရှိ တောင်းယက်လုပ်ရောင်းချသူတွေက ပြောပါတယ်။

အညာဒေသ ထွက်ကုန်တစ်ခုဖြစ်တဲ့ ထန်းလက်တောင်းတွေဟာ သစ်သီးဝလံတွေ သယ်ဆောင်ရာမှာ အသုံးပြုလေ့ရှိပြီး ပြည်တွင်းမှာပဲ အဓိကသုံးစွဲကြတာဖြစ်ပါတယ်။

“ကုန်ကြမ်းကအခြေအနေအရ လိုသလောက် မရဘူးဗျ။ကြိုတင်ငွေပေးထားတာတောင် ရဖို့မလွယ်ဘူး။ထန်းလက် အဓိကထွက်တဲ့ နေရာတွေမှာက မတည်ငြိမ်ဘူးလေ။တောင်းက လက်မလည်အောင် ရောင်းရတယ်။ဒါပေမဲ့ ကုန်ကြမ်းမရှိလို့ တစ်ခါတလေရပ်နေရတာရှိတယ်” လို့ တံတားဦးမြို့နယ်က ထန်းလက်တောင်းပြုလုပ် ရောင်းချသူတစ်ဦးက ပြောပါတယ်။

အရင်က ရောင်းတန်းဝင် ထန်းလက်တောင်း တစ်လုံးကို ငွေကျပ် ၅၀၀၀ ဝန်းကျင်ပဲရရှိရာ လက်ရှိအချိန်မှာ ငွေကျပ် ၇၀၀၀ ကျော်အထိ ဈေးနှုန်းတွေမြင့်တက်နေပေမယ့် ဝယ်လိုအားက ကျဆင်းသွားတာမရှိဘူးလို့ တောင်းယက်သူတွေ ကဆိုပါတယ်။

ဒါပေမဲ့ ကုန်ကြမ်းအများဆုံးရရှိတဲ့ မြင်းခြံမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ထန်းလက်ကုန်ကြမ်းတွေရရှိမှု နည်းပါးသွားသလို သယ်ယူပို့ဆောင်ခတွေ မြင့်မားနေတာကြောင့် ကုန်ကြမ်းဈေးနှုန်းတွေကလည်း ၂ ဆနီးပါးအထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

မန်းအောင်