【 ပြည်တွင်း 】 ထိုင်းနိုင်ငံထဲမှာ မြန်မာ ၉၀ ကျော် ဖမ်းဆီးခံရ

【 ပြည်တွင်း 】 ထိုင်းနိုင်ငံထဲမှာ မြန်မာ ၉၀ ကျော် ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် - ၄

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၀ ကျော်ဟာ ယမန်နေ့က ဖမ်းဆီးခံလိုက်ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၄ ဦးကို မတ်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေးငါးဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

၎င်းတို့ဟာ ကားတစ်စီးပေါ်မှာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဒီထဲမှာ မလေးရှားနိုင်ငံကို သွားရောက်မယ့်သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ ရုပ်သံထဲမှာတော့ အလုံပိတ် ကုန်တင်ယာဉ်ကားတစ်စီးထဲမှာ မြန်မာနိုင်ငံသားအများအပြားရှိပြီး ထိုင်းရဲတပ်ဖွဲ့က အဲဒီကုန်ကားကို စစ်ဆေးနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဒုတိယအပတ်ကစ၍ ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ ပိုမိုများပြားလာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်လာနေတယ်လို့ ထိုင်းရောက် မြန်မာ့အရေးအကူအညီပေးနေသူတွေက ပြောပါတယ်။

အောင်အောင်