【 ပြည်တွင်း 】 မန္တလေးတိုင်းဒေသကြီးမှာ ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 မန္တလေးတိုင်းဒေသကြီးမှာ ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မန္တလေး၊ ဧပြီ - ၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးမှာ ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက ဧပြီ ၁ ရက်က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၃ ရက်နေ့ ည ၉ နာရီအချိန်လောက်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးမှာ ပိုင်စိုး မောင်းနှင်ပြီး၊ မအိအိမွန် လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို လုံခြုံရေးအဖွဲ့ဝင် ပူးပါင်းအဖွဲ့အစည်းက သတင်းအရ ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာရှိ ပိုင်စိုးရဲ့ နေအိမ်နဲ့ အမရပူရမြို့နယ်၊ တောတွင်းကျေးရွာရှိ မအိအိမွန် နေအိမ်က စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ပြား၊ ဒါ့အပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ မတ်လ ၂၄ ရက်နေ့က မဟာအောင်မြေမြို့နယ်မှာ မစိန် (ခ) သက်ထားအားလည်းကောင်း၊ မတ်လ ၂၆ ရက်နေ့က ချမ်းသာစည်မြို့နယ်၊ မြို့သစ်ရပ်ကွက်မှာ ဝိုင်းအောင်မြင့်အား မော်တော်ဆိုင်ကယ်တစ်စီးနဲ့လည်းကောင်း၊ ကျော်ရဲသူအား ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကုန်းကျေးရွာသွားလမ်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား မော်တော်ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ ဂေါ်ယုံဆင်းအား ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် ၅၄ လမ်း  ၁၀၉ (B) နဲ့ ၁၀၁ လမ်းကြားမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာလည်းကောင်း၊ အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာမှာ မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဝိုင်းအောင်မြင့် ငှားရမ်းနေထိုင်တဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြေား ၈၆၀,၀၀၀ ဆေးပြား ထပ်မံသိမ်းဆည်း ရရှိခဲ့တာကြောင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နဲ့အ တူ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးသိမ်းဆည်းရမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ်ကနေ မန္တလေးတိုင်းဒေသကြီးဘက်ကို သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်တယ်လို့ သိရတဲ့အတွက် ဖမ်းဆီးထားသူတွေကို ဥပဒေအရ အရေးယူထားရှိထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေကြောင်း ဖော်ပြခဲ့ပါတယ်။

နေနေ