【 ပြည်တွင်း 】 မန္တလေးမှာ မနက်အစောကြီး မီးလောင်

【 ပြည်တွင်း 】 မန္တလေးမှာ မနက်အစောကြီး မီးလောင်

မန္တလေး၊ မတ် - ၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ထဲမှာ ဒီကနေ့ မတ်လ ၅ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

“လူနေအိမ်တစ်လုံးကနေ စလောင်တာပါ၊ မြောက်ပြင်ရဲစခန်းနဲ့ နီးတယ်ဆိုပေမယ့် လူနေအိမ်ခြေရပ်ကွက်ထဲ လောင်တာပါ နောက်ဆက်တွဲ မသိရသေးဘူးခင်ဗျ” လို့ မီးလောင်မှုဖြစ်စဉ်အနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၆ လမ်း၊ ၃ လမ်းနဲ့ ၄ လမ်းကြားက လူနေအိမ်တစ်လုံးကနေ မနက် ၄ နာရီ ၃၅ မိနစ်ခန့်မှာ စတင်လောင်ကျွမ်းခဲ့တာပါ။

ဒီမီးလောင်မှုကို Level 1 အဆင့်သတ်မှတ် မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ပြီးနောက် မိနစ်နှစ်ဆယ်ခန့်အကြာ မနက် ၄ နာရီ ၅၅ မိနစ်ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

မီးလောင်မှုကြောင့် နေအိမ်သုံးလုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကနဦးသတင်းထွက်နေပြီး မီးလောင်မှုအကြောင်းအရင်း၊ ဆုံးရှုံးမှုတန်ဖိုးတွေနဲ့ပတ်သက်လို့ မီးသတ်ဦးစီးဌာနကတော့ တရားဝင်မထုတ်ပြန်သေးပါဘူး။

မန္တလေးမြို့မှာ မနေ့ကလည်း ချမ်းမြသာစည်မြို့နယ်ထဲက လိုတရစက်သုံးဆီဆိုင်နဲ့ ချမ်းအေးသာစံမြို့နယ်ထဲက ဆုကိုယ်ပိုင်အထက်တန်းကျောင်းတို့မှာ မီးတစ်ကြိမ်စီ လောင်ခဲ့ပါသေးတယ်။

ဖြူလုံး
Photo - Thein Tun Aung