【 ပြည်တွင်း 】 မန္တလေးမှာ မြို့နယ်လဝကရုံးထဲ ဗုံးကွဲပြီး လူ ၉ ဦး ဒဏ်ရာရ

【 ပြည်တွင်း 】 မန္တလေးမှာ မြို့နယ်လဝကရုံးထဲ ဗုံးကွဲပြီး လူ ၉ ဦး ဒဏ်ရာရ

မန္တလေး၊ ဧပြီ - ၅

ဒီကနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လဝကရုံးထဲ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူကိုးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

“ရုံးထဲ လူစည်နေချိန် ပေါက်ကွဲမှုဖြစ်တာ၊ ဝန်ထမ်းလေးယောက်နဲ့ ရုံးကိစ္စနဲ့ရောက်နေတဲ့ အပြင်လူငါးယောက် ထိတယ်၊ သေတာတော့ လတ်တလောမရှိသေးဘူး၊ ပြင်းထန်ဒဏ်ရာရ နှစ်ယောက်ရှိတယ်၊ ကျား ၁၊ မ ၁ ပါ” လို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဲဒီ မဟာအောင်မြေမြို့နယ် လဝက (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန) ရုံးက၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် (၁) လမ်းမှာရှိတာဖြစ်ပြီး၊ လုံခြုံရေးထူထပ်စွာထား-ထားတဲ့ နေရာလည်းဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်သူဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ်ဆိုတာနဲ့ပတ်သက်လို့တော့ မသိရသေးပါဘူး။

“စစ်ဆေးနေဆဲ အခြေအနေပေါ့နော်၊ စီစီတီဗီတွေကတစ်ဆင့် လိုက်နေပါတယ်” လို့လည်း ၎င်းကပြောပါတယ်။

လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ အနီးဝန်းကျင်ကို လုံခြုံရေးတပ်ဖွဲ့က တင်းကျပ်စွာ ပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်ကုန်ပိုင်းအထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှ မြို့နယ်အဆင့် လဝကရုံး တိုက်ခိုက်ခံရမှု ကိုးကြိမ်ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဖော်ပြချက်အရ သိရပါတယ်။

ဖြူလုံး
Photo - CJ