【 ပြည်တွင်း 】 မန္တလေးမှာ ရထားသံလမ်းဖြတ်ကူးသူနှစ်ဦး ရထားနဲ့တိုက်မိပြီး ကျိုးပဲ့ဒဏ်ရာရ

【 ပြည်တွင်း 】 မန္တလေးမှာ ရထားသံလမ်းဖြတ်ကူးသူနှစ်ဦး ရထားနဲ့တိုက်မိပြီး ကျိုးပဲ့ဒဏ်ရာရ

မန္တလေး၊ မတ် - ၂၂

မန္တလေးမြို့မှာ ယမန်နေ့ညက မီးရထားမောင်းနှင်လာစဉ် မီးရထားသံလမ်းပေါ် ဖြတ်ကူးမိတဲ့ အမျိုးသားနှစ်ဦး ကျိုးပဲ့ဒဏ်ရာတွေရခဲ့လို့ ဆေးရုံကြီးအရေးပေါ်ကုသဆောင်ဆီ ပို့ဆောင်ပေးလိုက်ရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

“ရထားမောင်းလာချိန်မှာ အမှတ်တမဲ့ဖြတ်ကူးလိုက်တယ် ထင်ပါတယ်၊ နှစ်ယောက်လုံး ရထားနဲ့တိုက်မိပြီး လမ်းဘေးလဲကျတယ်၊ ညီနောင်အသင်းတစ်ခုက သွားကူညီပေးပြီး OPT ပို့ပေးလိုက်တယ်၊ ဒဏ်ရာတွေက ကျိုးပဲ့ဒဏ်ရာတွေပါ” လို့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀ နဲ့ ၇၉ လမ်းတို့ ဆုံကြတဲ့ မီးရထားလမ်းကူးနေရာမှာ ည ၈ နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး
အခင်းဖြစ်နေရာဟာ မန္တလေးမြို့လယ်ခေါင်အနီးဖြစ်သော်လည်း အထူးသဖြင့် ညဘက်တွေမှာ လူအသွားအလာနည်းတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူနှစ်ဦးကိုတော့ မန္တလေးအခြေစိုက် ပရဟိတအသင်းကြီးတစ်ခုဖြစ်တဲ့ မဏီစလလူမှု/နာမှုကူညီရေး အသင်းက အစအဆုံးသွားရောက်ကူညီဆောင်ရွက်ပေးပြီး မန္တလေးဆေးရုံကြီး အရေးပေါ်ကုသဆောင်ဆီ ချက်ချင်းပဲပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ဘူတာမှာ၊ ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ဦး မီးရထားနဲ့ပွတ်တိုက်မိမှုဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

ဖြူလုံး
Photo - မဏီစလလူမှု/နာမှုကူညီရေးအသင်း(မန္တလေးမြို့)