【 ပြည်တွင်း 】 မီနီအိုးဝေ အခိုးခံရလို့ ဒုက္ခရောက်နေသူ ငွေလိမ်ခံရမှုနဲ့ ထပ်ကြုံ

【 ပြည်တွင်း 】 မီနီအိုးဝေ အခိုးခံရလို့ ဒုက္ခရောက်နေသူ ငွေလိမ်ခံရမှုနဲ့ ထပ်ကြုံ

မန္တလေး၊ မတ် - ၂၀

မန္တလေးမြို့က မီနီအိုးဝေအငှားမောင်းသူတစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မီနီအိုးဝေ အခိုးခံရလို့ အခက်အခဲဖြစ်နေစဉ်မှာပဲ ထပ်မံပြီးတော့ ငွေလိမ်ခံလိုက်ရပြန်တယ်လို့ ၎င်းနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

“အခိုးခံရတယ်ဗျာ၊ အဲဒါကို လိုင်း (အင်တာနက် ဖေ့စ်ဘွတ်) ပေါ် တင်ပြီး ဝိုင်းဝန်းအကူအညီတောင်းပေးကြတယ်၊ မနေ့က နေ့လယ်ခင်းကြီးမှာ လူတစ်ယောက်က ဖုန်းဆက်လာတယ်၊ တွေ့ထားတယ်၊ ဖမ်းပေးထားတယ်၊ ဖမ်းပေးတဲ့ ဂိတ်ကို ငွေတစ်သိန်းပေးရမယ်ဆိုလို့ ငွေလွှဲပြီး လိုက်သွားတော့မှ အလိမ်ခံလိုက်ရမှန်း သိတာ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန္တလေး ………. မြို့နယ်နေ၊ ကို ……… ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ၎င်းရဲ့ မီနီအိုးဝေအငှားယာဉ်ကို ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားရှေ့မှာ ခေတ္တရပ်ထားစဉ် ခိုးယူခံခဲ့ရပါတယ်။မီနီအိုးဝေ အခိုးယူခံရမှုနဲ့ပတ်သက်ပြီး ၎င်းရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ လူမှုကွန်ရက်ပေါ် အကူအညီတောင်းခဲ့ပါတယ်။

ယမန်နေ့ နေ့လယ်ပိုင်းမှာတော့ အမည်မသိလူတစ်ဦးက တယ်လီဖုန်းနဲ့ ဆက်သွယ်လာပြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာအဝင်ဂိတ်မှာ ကားကိုတွေ့ထားတယ်၊ လာယူပါ၊ ဖမ်းပေးထားတဲ့ ဂိတ်ကို ငွေတစ်သိန်း (ကျပ်) ပေးရမှာမို့လို့၊ လောလောဆယ် Wave Money ကနေ သုံးသောင်းခွဲ အရင်လွှဲပေးပါလို့ ပြောလာတာကြောင့်၊ ငွေလွှဲပြီး လိုက်သွားတော့မှ အလိမ်ခံလိုက်ရမှန်း သိရတာလို့ ၎င်းနဲ့နီးစပ်သူတွေပြောပြချက်အရ သိရပါတယ်။

“ကျွန်တော့တုန်းက ငွေနှစ်သိန်းတောင်းတာဗျ၊ ဆိုင်ကယ်က သိန်းလေးဆယ်လောက်တန်တော့ စွန့်စားကြည့်ခဲ့ဖူးတယ်၊ ချိန်းတဲ့နေရာသွားတော့မှ အလိမ်ခံရမှန်းသိတာ၊ ဒါမျိုးအလိမ်ခံရတာတွေ အင်တာနက်ပေါ်မှာ မကြာမကြာတွေ့ဖူးတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ယမန်နေ့က ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာထဲက တိုက်ခန်းတစ်ခုရှေ့ ရပ်ထားတဲ့ Light Truck အဖြူရောင်ယာဉ်တစ်စီး ပျောက်ဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။

ဖြူလုံး
ဓာတ်ပုံ - ပျောက်ဆုံးခဲ့တဲ့ မီနီအိုးဝေ