【 ပြည်တွင်း 】 မြန်မာ့ရော်ဘာပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နေ

【 ပြည်တွင်း 】 မြန်မာ့ရော်ဘာပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နေ

ရန်ကုန်၊ မတ် - ၂၁

မြန်မာ့ရော်ဘာပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

မြန်မာ့ရော်ဘာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ရော်ဘာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲများကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “ရော်ဘာအရည်အသွေး မြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက် သုတေသနပြုလုပ်ခြင်း စီမံကိန်း” အစီအစဉ်အရ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ ပြည်ပသို့ နှစ်စဉ် ရော်ဘာတင်ပို့မှုရဲ့ ၇၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

အောင်အောင်